တွေ့ဆုံဆွေးနွေးမှု မတိုင်ခင် ကရင်အချင်းချင်းတိုက်နေတာကို ယာယီရပ်နားထားဖို့ ကရင်အဖွဲ့အစည်းပေါင်း ၄၆ ဖွဲ့က အလေးအနက် တောင်းဆို

တွေ့ဆုံဆွေးနွေးမှု မတိုင်ခင် ကရင်အချင်းချင်းတိုက်နေတာကို ယာယီရပ်နားထားဖို့ ကရင်အဖွဲ့အစည်းပေါင်း ၄၆ ဖွဲ့က အလေးအနက် တောင်းဆို

ကရင်လက်နက်ကိုင် အချင်းချင်းကြား ဖြစ်နေတဲ့ ပဋိပက္ခကို တွေ့ဆုံဆွေးနွေးတဲ့အဆင့် ဖြစ်မလာသေးခင် မြေပြင်မှာ အချင်းချင်းတိုက်နေတာကို ယာယီရပ်ထားဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်အဖွဲ့အစည်းပေါင်း ၄၆ ဖွဲ့က အလေးအနက်တောင်းဆိုတယ်လို့ တနင်္သာရီတိုင်းအတွင်းရှိ ကရင်အစုအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နော်ဝါးဝါးက ပြောပါတယ်။

KNLA တပ်မဟာ(၄)နဲ့ ကော်သူးလေတပ်မတော် KTLA တို့အကြား လက်တလောမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ထိပ်တိုက် ပစ်ခတ်မှုတွေအပေါ် ရည်ရွယ်ပြီး ကရင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာရှိတဲ့ ကရင်ပြည်သူလူထုက ကရင့်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေး‌နွေးအဖြေရှာဖို့ တိုက်တွန်းတဲ့ စာတစ်စောင်ကို အခုလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပေမဲ့ ထပ်မံထိပ်တိုက်ပစ်ခတ်မှုတွေ ဖြစ်လာတဲ့အတွက် သဘောထားထုတ်ပြန်ချက် နောက်တစ်စောင်ကို ဒီကနေ့မှာ ထပ်ထုတ်ပြန်ပါတယ်။

ကရင်တမျိုးသားလုံးနဲ့ မြန်မာတနိုင်ငံလုံးရဲ့ ဘုံရန်သူကို အဓိက ပစ်မှတ်ထားရမဲ့ အချိန်မှာ ကရင်လူမျိုး အချင်းချင်းတိုက်ခိုက်မှုအပေါ် အင်မတန်မှ စိတ်ထိခိုက်ရပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ အခြေအနေတွေ အပေါ်ကိုလည်း များစွာစိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလဆန်းမှာ စတင်တာဝန်ယူတဲ့ တပ်မဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးမူး အနေနဲ့လည်း ကရင့် လက်နက်ကိုင်အဖွဲ့တွေ အကြား ပြန်လည်စေ့စပ်နိုင်မဲ့ လမ်းကြောင်းကို အမြန်ဆုံးရှာဖွေပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ နောင်မှာ မပေါ်ပေါက်လာဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ အလေးထားဆောင်ရွက်ပေးဖို့ကိုလည်း တနင်္သာရီတိုင်းအတွင်းရှိ ကရင်အမျိုးသားတွေက တိုက်တွန်းထားပါတယ်။

ပြောခွင့်ရပုဂ္ဂိုလ် နော်ဝါးဝါးကတော့ “ဒီပဋိပက္ခကို လက်နက်နဲ့ ဖြေရှင်းဖို့ အဆိုပြုတဲ့သူ၊ ဆုံးဖြတ်တဲ့သူ အားလုံးက ဒီဟာကို ပြန်ပြီးတော့ တာဝန်ယူ၊ တာဝန်ခံရပါမယ်။” လို့ သတိပေးပါတယ်။

KTLA နဲ့ KNLA ဘက်က အမြင့်ဆုံးတာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ တွေ့ဆုံဆွေးနွေးမဲ့ နည်းလမ်းကို အမြန်ဆုံးအဖြေရှာကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထပ်မံ တိုက်တွန်းထားပါတယ်။

The Tanintharyi Times