ကံပေါက်ဒေသမှာ လိုင်စင်မဲ့ကားတွေကို စစ်ကောင်စီတပ်က စာရင်းကောက်နေ

ကံပေါက်ဒေသမှာ လိုင်စင်မဲ့ကားတွေကို စစ်ကောင်စီတပ်က စာရင်းကောက်နေ

ဓာတ်ပုံ-ကံပေါက်ဒေသ လမ်းပိုင်းတစ်နေရာ။(ပုံဟောင်း)

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ လိုင်စင်မဲ့ကားတွေကို စစ်ကောင်စီတပ်ဘက်က စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလ ပထမပတ်ထဲမှာ စတင်ကောက်ခံလာတာဖြစ်ပြီး မောရဝတီရေတပ်၊ ခလရ (၂၇၃) တပ်ရင်းနဲ့ ကံပေါက်နယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတွေက ကောက်ခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာရင်းသွားပေးတဲ့အချိန် လိုင်စင်မဲ့ကားပုံနဲ့ ကားပိုင်ရှင်ပုံကို ဓာတ်ပုံရိုက်ယူထားပြီး ကားပိုင်ရှင်ဖုန်းနံပါတ်၊ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတွေကို စာရင်းပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့လိုအပ်တဲ့အချိန်ချောဆွဲပြီး သုံးမဲ့ခြေနေမျိုးရှိနေတယ်၊ အခုက။ ဖုန်းနံပါတ်အပါအဝင် အကုန်ယူခဲ့တာလေ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘယ်နေရာမှာ ကားစာရင်းလာပေးရမယ်ဆိုတာမျိုး နေရာအတိအကျ သတ်မှတ်ထားတာမျိုးမရှိဘူးလို့ ၎င်းကဆက်ပြောပါတယ်။

လိုင်စင်မဲ့ ဟိုက်ဂျက်ကားတစ်စီးအတွက် ကံပေါက်ဒေသတွင်း လွတ်လပ်စွာ မောင်းနှင်ခွင့်သက်သေခံကတ်ပြားတစ်ပြား ၅၀,၀၀၀ ကျပ်နဲ့ ထုတ်ပေးနေပြီး ဒါဟာလည်း ကံပေါက်နယ်မြေအတွင်းမှာသာ မောင်းခွင့်ရပြီး နယ်မြေကျွံသွားရင်တော့ အကျုံးမဝင်တော့ဘူးလို့ ဆိုပါတယ်။

ကံပေါက်ဒေသခံနောက်တစ်ဦးက “ ကားအမျိုးအစားပေါ်မူတည်ပြီး စျေးကွာအုံးမယ် ထင်တယ်။” လို့ ပြောပါတယ်။

အဆိုပါလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က တိတိကျကျထုတ်ပြန်အသိပေးထားတာမျိုးမဟုတ်ဘဲ နီးစပ်ရာကို ပါးစပ်အမိန့်နဲ့ ပြောထားတာဖြစ်တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

ကံပေါက်ဒေသဟာ အခုနှစ် ဇန်နဝါရီလကတည်းက ဆိုင်ကယ်စီးခွင့် ပိတ်ခံထားရတဲ့ဒေသတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ပိုက်ဆံတတ်နိုင်တဲ့ ဒေသခံတွေဟာ ဆိုင်ကယ်ကို ဘေးတွဲတပ်ဆင်အသုံးပြုခဲ့ကြပြီး မတတ်နိုင်တဲ့ဒေသခံတွေကတော့ ဆိုင်ကယ်အနောက်ဘက်မှာ ကြိမ်ခြင်း ၂ လုံး၊ ရာဘာပုံး ၂ လုံး စသဖြင့် တပ်ဆင်အသုံးပြုလာခဲ့ကြပါတယ်။

ဒီလိုအသုံးပြုလာပြီး သုံးလကျော်အကြာမှာ ခြင်းနှစ်လုံးတပ်ပြီး ဆိုင်ကယ်စီးတာကို စစ်ကောင်စီတပ်က တားမြစ်ပိတ်ပင်ခဲ့ပြီး ဒီအတွက် ကံပေါက်ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ နယ်မြေရဲစခန်းက ရဲတွေပေါင်းပြီး ကံပေါက်ဒေသတွင်း နေ့ရော၊ ညပါ မကြာခဏကင်းလှည့်တာတွေ လုပ်ဆောင်နေပြီး ဆိုင်ကယ်စီးတဲ့ ဒေသခံတွေနဲ့တွေ့ရင် ဖမ်းဆီး၊ ငွေညှစ်ကာ အာမခံနဲ့ပြန်လွှတ်တာမျိုးတွေ လုပ်ဆောင်နေပါတယ်။

The Tanintharyi Times