ထားဝယ်အထူးစီးပွားရေးဇုန် စခန်းသိမ်းတိုက်ပွဲ လေကြောင်းအကူလာလို့ ပြန်ဆုတ်ခဲ့ရ
ထားဝယ်အထူးစီးပွားရေးဇုန် စခန်းသိမ်းတိုက်ပွဲ လေကြောင်းအကူလာလို့ ပြန်ဆုတ်ခဲ့ရ
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှုမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲပြန်ဆုတ်ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အခုလ ၁၄ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မနက် ၅နာရီခွဲကနေ ၉နာရီအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က Droneနဲ့ ဗုံးသီးချတာ၊ လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တာနဲ့ စနိုက်ပါတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ စစ်ရေးအရှိန်မြင့်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က နံနက် ၈နာရီခွဲဝန်းကျင်မှာ YAK 130 အမျိုးအစား တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီစစ်ဆင်ရေးဟာ စခန်းသိမ်းတိုက်ခိုက်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ပေမယ့် လေကြောင်းကဗုံးကြဲတာကြောင့် စခန်းသိမ်းပိုက်မနိုင်ဘဲဆုတ်ခွာခဲ့ရတယ်လို့ ထားဝယ်ခရိုင် တပ်ရင်း (၁)ရဲ့ ပြန်ကြားရေးတာဝန်ခံကပ်ပတိန်က ဆိုပါတယ်။
“လေကြောင်းကတိုက်ခိုက်ခံရရင် ကျနော်တို့ဘက်ကအထိနာနိုင်ပါတယ်။ ဒါကြောင့်ဆုတ်ခဲ့ရတဲ့အခြေအနေပါ” လို့သူကဆက်ပြောပါတယ်။
အခုတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ရင်း(၁)က ဗိုလ်နဂါးဦးဆောင်တဲ့ တနင်္သာရီစစ်ကြောင်းနဲ့ Droneတပ်ဖွဲ့၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူ ပကဖ)၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF)၊ DDT တပ်ခွဲ(၃)၊ DGRF တပ်ခွဲ(၄)၊ နွေဦးပျောက်ကျားတပ်ဖွဲ့၊ TPDF၊ YP PDF၊ TPLF အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
အခုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးတယ်သိရပေမယ့်အတိအကျကိုအတည်ပြုမနိုင်သေးဘူးလို့သိရပါတယ်။
“ဒရုန်းတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သားနှစ်ယောက်ကျတယ်။ နောက်ထပ်စနိုက်ပါထိပြီးကျတာနဲ့တခြားကျတာတွေအများကြီးရှိတယ်။ ကျနော်တို့ပြန်ကြားရတာဆိုရင် အကောင်ကြီးတစ်ကောင်ပါကျတယ်လို့ပြောတယ်။ အသေးစိတ်မသိရတော့ အရေအတွက်ကိုမပြောနိုင်သေးတာ” လို့ပြန်ကြားရေးတာဝန်ခံ ကပ်ပတိန်ကဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှုမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
အခုတိုက်ပွဲအတွင်း လုပ်ဆောင်ခဲ့တဲ့ လေကြောင်းကဗုံးကျဲတိုက်ခိုက်မှုဟာ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီဘက်က ပထမဆုံးပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။
The Tanintharyi Times
