ထိုင်း-မြန်မာနယ်စပ် ထီးထစစ်ကောင်စီဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ် ထီးထစစ်ကောင်စီဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ပုံစာ - ထီးထဗျူဟာစခန်းကုန်းနဲ့ ထိုင်းနယ်စပ်ကို စစ်ဘေးရှောင်လာရဲ့တဲ့ ဒေသခံတွေ။

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားတဲ့ ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။

နယ်စပ်မျဥ်းနဲ့ ၆ မိုင်ခန့်သာကွာဝေးတဲ့ ထီးထဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်တွေက အခုလ ၁၂ ရက်နေ့ကစ ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး တစ်ပတ်အကြာ ဒီနေ့ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

“ညနေကထီးထာဗျူဟာ စခန်းသိမ်းရပြီ။ ကျနော်တို့တက်သိမ်းတာပါ” လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။

ထီးထဗျူဟာ စခန်းမှာ စစ်ကောင်စီတပ်သား အင်အားရာဂဏန်းလောက်ကတောင်ကုန်းတစ်လျှောက် စခန်းကုန်းနေရာ သုံးခုခွဲပြီး အခိုင်အမာတပ်စွဲထားတာပါ။

လွန်ခဲ့တဲ့ နှစ်ရက်က ရွာအနီးမှာရှိတဲ့ ပထမစခန်းကိုကုန်းကိုစတင်သိမ်းပိုက်ခဲ့ပြီးနောက် ဒီနေ့မှာကျန်ရှိတဲ့ စခန်းကုန်းနှစ်ခုကိုသိမ်းပိုက်ခဲ့တာလို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

‌တော်လှန်ရေးတပ်တွေစတင်တိုက်ခိုက်ချိန်ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်ဘက်က Mi-17 ရဟတ်ယာဥ်၊ K-8W ဂျက်ဖိုက်တာနဲ့ Y-12 လေယာဥ်တွေကို အသုံးပြုပြီး နေ့တိုင်းနီးပါး ဗုံးတွေကြဲချခုခံခဲ့တယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

“ဒီဗျူဟာက တော်တော်တင်းမာတဲ့ဗျူဟာတစ်ခုဖြစ်ပါတယ်။ သူတို့က တောက်လျှောက် လေယာဥ်နဲ့ဗုံးလာကြဲတယ်။ တစ်ရက်တစ်ရက်ကို သုံးလေးငါးကြိမ်။ ဟယ်လီကော်ပတာနဲ့ စစ်ကူလည်းလာတယ်။ ဒီလိုမျိုး လေယာဥ်အများကြီးသုံးတာတခါမှ မြင်ဖူးဘူး” လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုအယ်နားကပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှူနဲ့ ဖမ်းဆီးမိမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရ‌သေးပါဘူး။

စခန်းသိမ်းပြီးနောက် ထီးထစခန်းကဗျူဟာမှူးကို အရှင်ဖမ်းမိခဲ့တယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကလည်း ရဲဘော်တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရာရတာတွေရှိတယ်လို့ ကနဦးသိရပါတယ်။

ဒီနေ့ညနေပိုင်းမှာပဲ ထီးခီးနယ်စပ်ဂိတ်မှာရှိတဲ့ စစ်ကောင်စီစခန်းဘက်မှာလည်း ပစ်ခတ်သံတွေထွက်ပေါ်နေတာကြောင့် ထီးခီးဒေသတစ်ဝိုက်က ဒေသခံတွေ ထိုင်းနိုင်ငံနယ်စပ်မျဥ်းဘက်ကို သွားရောက်တိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ် ဧပြီလလယ်ပိုင်းကလည်း ထီးထဗျူဟာစခန်းကို အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅၄ ဦးလက်နက်ချအညံ့ခံခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်းစခန်းသိမ်းတိုက်ပွဲမဆင်နွဲနိုင်ခဲ့တဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်စပိုင်းကစလို့ စခန်းသိမ်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာခဲ့ပြီး လက်ရှိမှာတော့ တိုင်းအတွင်းက စခန်းကြီး၊ စခန်းငယ်စုစုပေါင်း ၁၃ ခုထက်မနည်းကို တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

The Tanintharyi Times