တနင်္သာရီ-မောတောင်လမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

တနင်္သာရီ-မောတောင်လမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

တနင်္သာရီမြို့နယ်၊ မောတောင်လမ်းပေါ်က သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်တိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီနေ့မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဟာ မနက် ၉ နာရီလောက်ကတည်းက ဖြစ်ပွါးနေတာဖြစ်ပြီး အခုနေ့လည်ပိုင်းမှာတော့အနည်းပြန်ငြိမ်နေတယ်လို့ သိရပါတယ်။

ဒေသခံရွာသားတစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အင်အားက ကား ၄ စီးစာရှိပြီး ပစ်ခတ်နေတဲ့ တိုက်ပွဲအခြေအနေ ကတော့ “လက်နက်ကြီးငယ်တွေနဲ့ တော်တော်ကိုကြမ်းပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေအသေးစိတ်နဲ့ နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကတော့ ရွာတွေနဲ့အနည်းငယ်အလှမ်းဝေးတဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံကဆိုပါတယ်။

အခုလ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တနင်္သာရီမြို့နယ် တကူနဲ့ဘန်းလမွတ်ကျေးရွာကြားကတောင်ကြောမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီနောက်စစ်ကောင်စီဘက်က အနီးအနားကွမ်းသီးခြံတွေထဲက နေအိမ်နဲ့ကွမ်းသီးဂိုဒေါင် ၄ ဆောင်အပြင်၊ ကွမ်းသီးခြောက်တွေနဲ့ ဆိုင်ကယ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ အခုလက်ရှိစစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းလောက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာမျိုးတွေရှိနေတယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

The Tanintharyi Times