တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်သူ ၈၀၀ ‌ကျော်ရှိနေ

တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်သူ ၈၀၀ ‌ကျော်ရှိနေ

Photo - မနှစ်က စစ်ဘေးရှောင်ခဲ့ကြတဲ့ တနင်္သာရီမြို့နယ်က ဒေသခံတွေ

စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၈၀၀ ကျော်ရှိနေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

စစ်ဘေး‌ရှောင်အများစုဟာ ဘန်းလမွတ်ကျေးရွာအုပ်စု၊ တကူကျေးရွာအုပ်စု၊ ဘန်လော ကျေးရွာအုပ်စု၊ ပဝကျေးရွာအုပ်စု၊ လယ်သစ်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာအုပ်စုက ဒေသခံတွေအများဆုံးဖြစ်တယ်လို့သိရပါတယ်။

“စစ်ရှောင်အများစုက စစ်ကြောင်းထိုးနေပြီဟေ့လို့ ကြားတာနဲ့ ကြိုရှောင်ကြတဲ့သူတွေပါ။ ရွာထဲမှာ တကယ်စစ်ဖြစ်နေလို့ရှောင်တဲ့သူတွေလည်းရှိတယ်။ အများစုကတော့ ရှောင်လိုက်ပြန်ဝင်လာလိုက်နဲ့ ပုံသေမရှိဘူး။ အပြီးအပိုင်ရှောင်ပြီးနေလိုက်တဲ့သူတွေတော့ မရှိသေးဘူး” လို့ ‌ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်‌ဘေးရှောင်တွေဟာ ဘုန်းကြီးကျောင်းတွေမှာပဲ စစ်ရှောင်ကြတာများတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရွာတွေထဲစစ်ကြောင်းထိုးဝင်တဲ့အချိန်တိုင်း နေအိမ်တွေကိုမီးရှို့တာ၊ ရွာသားတွေကို အကြောင်းအရင်းမရှိဖမ်းဆီးတာ စတဲ့အကြမ်းဖက်လုပ်ရပ်တွေ လုပ်လေ့ရှိတာကြောင့် ဒေသခံတွေဟာ နေအိမ်မပြန်ရဲပဲ နီးစပ်ရာမှာပဲ စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုလ ၁၅ ရက်နေ့က တကူရွာနဲ့ ဘန်းလမွတ်ရွာကြားနေရာတွေကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ့ကာကွယ်‌ရေးတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်လာတဲ့ အခုလ ၁၅ ရက်နေ့ မတိုင်ခင်နေ့ကတည်းက စစ်ဘေးရှောင်ပြေးခဲ့ကြတာဖြစ်ပါတယ်။

တုံးဗျောရွာ အနောက်ဘက်နဲ့ ရေခမ်းချောင်းကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်သားတွေလက်ရှိမှာ တပ်စွံနေတာကြောင့် ဒေသတွင်း စစ်ရေး အခြေအနေတင်းမာနေတယ်လို့လည်း သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ အရင်လကလည်း တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရပြီး တိုက်ပွဲ ငြိမ်သက်ချိန်တွေမှာ နေရပ်ပြန်လာတာမျိုးရှိခဲ့ပါတယ်။

ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ဖော်ပြထားတဲ့ အချက်လက်တွေအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ရီလအတွင်း စစ်ဘေးရှောင်ပြည်သူ ၂၈၀၀၀ ကျော်အထိရှိခဲ့ပါတယ်။

The Tanintharyi Times