အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် တနင်္သာရီတိုင်းမှာ သေဆုံးသူ ၈၀ ကျော်ပြီ
အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် တနင်္သာရီတိုင်းမှာ သေဆုံးသူ ၈၀ ကျော်ပြီ
စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း တနင်္သာရီတိုင်းမှာ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူ ၈၀ ကျော်သေဆုံးခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မတ်လ ၇ ရက်အထိ ကာလအတွင်း အမျိုးသား ၇၂ ဦးနဲ့ အမျိုးသမီး ၁၀ ဦး သေဆုံးခဲ့တာပါ။
အဲဒီစာရင်းကို Bee Tenasserim အဖွဲ့က ပြုစုထားတာဖြစ်ပြီး မြေပြင်မှာ လက်ရှိကောက်ယူထားတဲ့စာရင်းထက်ပိုများနိုင်တယ်လို့ဆိုပါတယ်။
စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေ ဖြစ်တဲ့ ပျူစောထီး၊ ပြည်သူ့စစ်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် တနင်္သာရီတိုင်းမှာ သေဆုံးခဲ့တဲ့ ပြည်သူစာရင်းကို
Bee Tenasserim အဖွဲ့ထံကနေ တနင်္သာရီတိုင်းမ်သတင်းဌာနအနေနဲ့ သီးသန့်တောင်းခံထားတာဖြစ်ပါတယ်။
ဒီသေဆုံးသူစာရင်းထဲမှာ သပိတ်စစ်ကြောင်းတွေမှာ ပစ်သတ်ခံရပြီးသေဆုံးသူတွေရှိသလို စစ်ကောင်စီတပ်တွေကင်းလှည့်ရင်း စစ်ကြောင်းထိုးရင်း အကြောင်းမဲ့ပစ်သတ်မှုကြောင့် သေဆုံးသူတွေလည်းပါဝင်ပါတယ်။
အဲဒီအပြင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရင်းပစ်သတ်မှုတွေ၊ စစ်ကြောရေးမှာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့သူတွေရှိသလို စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ ပျူစောထီး၊ ပြည်သူ့စစ်တွေရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့သူတွေလည်းရှိပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းပါဝင်သလို လက်သည်မပေါ်ဘဲအသတ်ခံခဲ့ရသူတွေလည်းပါဝင်ပါတယ်။
စစ်ကောင်စီတပ်တွေ၊ ပျူစောထီးအဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော် ၉ ဦးရှိခဲ့ပါတယ်။
စစ်ကောင်စီသတင်းပေး၊ ဒလန်၊ ပျူစောထီး၊ ပြည်သူ့စစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် စသဖြင့် သေဆုံးသူစာရင်းကိုတော့ အကြောင်းအမျိုးမျိုးကြောင့် မပြုစုနိုင်ခဲ့ဘူးလို့ Bee Tenasserim အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တစ်နိုင်ငံလုံးမှာ လက်ရှိအချိန်အထိ သေဆုံးခဲ့သူဦးရေကတော့ ၁၆၂၃ ဦးရှိခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
