ထားဝယ်အရှေ့တောမှာ ဇနီးမောင်နှံနှစ်ဦး ငါးရှာသွားချိန် မိုင်းနင်းလို့ အမျိုးသမီးဖြစ်သူသေဆုံး
ထားဝယ်အရှေ့တောမှာ ဇနီးမောင်နှံနှစ်ဦး ငါးရှာသွားချိန် မိုင်းနင်းလို့ အမျိုးသမီးဖြစ်သူသေဆုံး

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက အထက်ဆိပ်ဖြုံးကျေးရွာမှာ ငါးရှာသွားတဲ့ ဒေသခံ ကရင် လူမျိုး ဇနီးမောင်နှံနှစ်ဦး မိုင်းနင်းမိလို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၁၅ ရက်နေ့ ညနေပိုင်းက မြေးခံဘော်ကျေးရွာအုပ်စု၊ အထက်ဆိပ်ဖြုံးကျေးရွာအနီးက ချောင်းအတွင်းမှာ ငါးရှာသွားတဲ့အချိန် မြေမြှုပ်မိုင်း မိုင်းနင်းမိခဲ့တာပါ။
အမျိုးသမီးဖြစ်သူ သေဆုံးပြီး အမျိုးသားဖြစ်သူကတော့ ခြေထောက်မှာဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ငါးရှာပြီးပြန်လာတော့ မိန်းမဖြစ်သူကအရင် မိုင်းနင်းမိတာတဲ့။ ပြီးတော့ သူ့ယောင်္ကျားကပြန်သွားခေါ်ချိန် သူပါထပ်နင်းမိတာ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သူတို့ မိုင်းနင်းမိတဲ့နေရာ တစ်ဝိုက်ဟာ KNU တပ်မဟာ ၄ က မိုင်းအန္တရာယ်ရှိတယ်ဆိုပြီး တားမြစ်ထားတဲ့ ကန့်သတ်နယ်မြေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“ရွာထဲအထိ လူကိုယ်တိုင်ရော စာနဲ့ရော သတိပေးထားပါတယ်။ အကုန်လုံးလည်း မိုင်းရှိတဲ့နယ်မြေဆိုတာ သိကြပါတယ်။ ဒါပေမဲ့လည်း စားဝတ်နေရေးအတွက် သွားကြတာပေါ့” လို့ နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းက မြို့နယ်အများစုမှာ အရပ်သားတွေ မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဥ်တွေဟာ အခုနောက်ပိုင်း အရင်ကထက် ခပ်စိပ်စိပ်ပိုဖြစ်လာခဲ့ပါတယ်။
အခုလ ၂ ရက်နေ့ကလည်း မေတ္တာမြို့က ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦး မိုင်းနင်းပြီးဒဏ်ရာရှိခဲ့သလို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း အရှေ့တောဒေသ၊ ဝကုန်းကျေးရွာက ဥယျာဥ်ခြံထဲမှာ ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်ခဲ့ပါတယ်။
ဝကုန်းရွာမှာနင်းမိတဲ့ မိုင်းကတော့ KNU ဘက်က ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ရွာခံတွေကပြောကြပြီး မိုင်းတွေကိုပြန်ဖော်ပေးဖို့ ဒေသခံတချို့ ဆန္ဒပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအစပိုင်းကလည်း တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ရွာက စစ်ဘေးရှောင်အမျိုးသားနှစ်ဦး ရွာကိုပြန်တဲ့အချိန် မိုင်းနင်းမိလို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
The Tanintharyi Times