ထားဝယ်ကားလမ်းပေါ်က စစ်ကာင်စီဥက္ကဌ မင်းအောင်လှိုင် ရုပ်ပြောင်ပုံကို လာဖျက်တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ
ထားဝယ်ကားလမ်းပေါ်က စစ်ကာင်စီဥက္ကဌ မင်းအောင်လှိုင် ရုပ်ပြောင်ပုံကို လာဖျက်တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ကားလမ်းပေါ်မှာ ရေးဆွဲထားတဲ့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင် ရုပ်ပြောင်ပုံကို လာဖျက်တဲ့ စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်ပိုင်းမှာမိုင်းဆွဲခံလိုက်ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
မနေ့ညပိုင်းက သရက်နှစ်ခွကျေးရွာနဲ့ သင်းကျွန်းကျေးရွာကြား လမ်းမပေါ်မှာ မင်းအောင်လှိုင်ရုပ်ပြောင်ပုံနဲ့ တပ်ပျက်နေပြီဆိုတဲ့ စာသားတွေကို အမည်မသိလူအချို့ကရေးသားသွားခဲ့ပါတယ်။
ဒီကနေ့မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာတော့ အဆိုပါ ရုပ်ပြောင်ပုံကို ဖျက်ဖို့ စစ်ကောင်စီတပ်သားတွေ ကားတစ်စီးနဲ့ ရောက်လာချိန်မှာ မိုင်းဆွဲခံလိုက်ရတာလို့ သိရပါတယ်။
“မိုင်းသုံးလုံးဆွဲတယ်လို့ကြားတယ်။ ကားပေါ်မှာက ၁၀ ဝန်းကျင်လောက်ပါနိုင်ပါတယ်။ ထိခိုက်သေဆုံးလည်းများနိုင်ပါတယ်” လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
မိုင်းထိပြီးနောက်မှာ ၁၀ မိနစ်ခန့် စစ်ကောင်စီတပ်သားတွေ ပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။
အခုလ ၁၅ရက်နေ့ မနက်ပိုင်းကလည်း သရက်ချောင်းမြို့နယ် ဘုတ်တောင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေမိုင်းဆွဲခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီဖြစ်စဥ်အတွင်းမှာလည်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
The Tanintharyi Times