မျိုးဆက်ဟောင်းတချို့ကို မေးချင်ပါသည်
မျိုးဆက်ဟောင်းတချို့ကို မေးချင်ပါသည်
ကျွန်တော်တို့နိုင်ငံ ၁၉၈၈ ခုနှစ် အရေးအခင်းကြီး ဖြစ်ချိန်မှာ ကျွန်တော်ဟာ မြို့နဲ့သိပ်မဝေးလှတဲ့ နယ်ကျောင်းလေး တစ်ကျောင်းက (၁၀)တန်းကျောင်းသား တစ်ယောက်ပါ။ အဲဒီခေတ်အခါက အဲဒီပတ်ဝန်းကျင်မှာရရှိတဲ့ သတင်းအချက်အလက်လေးတွေကို အခြေခံပြီး ကျွန်တော်တို့မှာရှိတဲ့ နိုင်ငံရေးအသိလေးတွေနဲ့ ပေါင်းစပ်ပြီး အရေးအခင်းကြီးမှာ စွမ်းအားရှိသမျှ ပါဝင်ခဲ့ကြဖူးတယ် ဆိုပါတော့။
တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေပိတ်လိုက်ချိန်မှာတော့ မိဘဆွေမျိုးတွေရှိတဲ့ ကိုယ့်ရပ်ရွာကို သူများနည်းတူ ပြန်ခဲ့ကြတယ်ပေါ့။ ကျေးလက်တောရွာဆိုတော့လည်း သတင်းအချက်အလက်တွေကို အချိန်နှင့်တပြေးညီ မရခဲ့တာကြောင့် မြို့ကြီးတွေမှာ ဘာတွေဆက်ဖြစ်ကြတယ်ဆိုတာကို မသိတော့ပါဘူး။
ရွာပြန်ရောက်တော့လည်း ရွာတွေရဲ့ထုံးစံအတိုင်း ရပ်ရွာလုံခြုံရေးဆိုပြီး ရွာကင်းစောင့်လိုက်။ ရွာနီးချုပ်စပ်က လောင်းကစားပေါင်းစုံရှိတဲ့ ဇာတ်ပွဲတွေကို ရွယ်တူသူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး သွားကြည့်လိုက်နဲ့ အချိန်ကုန်ခဲ့တာပါပဲ။ ဒါတွေဟာ စစ်အစိုးရက လူထုကို အာရုံလွှဲဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတယ်ဆိုတာ အဲဒီတုန်းက မသိခဲ့တာအမှန်ပါ။
ကျောင်းတွေပြန်ဖွင့်တော့လည်း ကျောင်းပြန်တက်ခဲ့ကြပါတယ်။ အဲဒီတော့မှ သူငယ်ချင်းအချို့ ကျောင်းဆက် မတက်တော့ဘဲ တောထဲရောက်သွားကြတယ်။ ထောင်ထဲရောက် နေကြတယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒီသတင်းတွေကို သိချင်ရင် BBC, VOA စတဲ့ ရေဒီယိုတွေကို နားထောင်ရတယ်ဆိုတာကိုပါ သဘောပေါက်ခဲ့ရပါတယ်။
ကျွန်တော်ပြောချင်တာက ကျွန်တော့အကြောင်း မဟုတ်ပါ။ အဲဒီတုန်းက ကျွန်တော်တို့ စိတ်ထဲကကျိတ်ပြီး လေးစားအားကျ ခဲ့ရတဲ့ နောင်တော်မျိုးဆက်တွေ ရှိကြပါတယ်။ စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ ခုခံတော်လှန်ကြမယ်ဆိုပြီး တချို့ကတောထဲကိုရောက်သွားကြသလို တချို့ကလည်း ထောင်ထဲကိုရောက်သွားကြတဲ့ ၈၈ မျိုးဆက်တွေပေါ့။ အထူးသဖြင့် အခြားနိုင်ငံအသီးသီးကို ရောက်သွားကြပြီး BBC, VOA, RFA တို့ကနေ နေ့တိုင်းနီးပါး Motivation လုပ်နေကြတဲ့ သူတွေဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီးတွေပေါ့ဗျာ။
သူတို့ရဲ့ ဟောပြောချက်တွေဟာ ကျွန်တော်တို့ကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကို မုန်းတီးရမယ်။ ငါတို့ဟာ အခွင့်အရေးတွေကို ချိုးဖောက်ခံနေ ခဲ့ကြရတယ်။ လူ့အခွင့်အရေးကို ကာကွယ်ရမယ်။ ဒီမိုကရေစီအရေးကို တောင်းဆိုတိုက်ပွဲဝင်ရမယ် စသည်ဖြင့်ပေါ့လေ။
အဲဒီအချိန်ကာလတုန်းက လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဒီမိုကရေစီအရေးကို တောင်းဆိုတိုက်ပွဲဝင်နိုင်ဖို့ ပြည်တွင်းမှာ စိုင်းပြင်းနေတဲ့ အဖွဲ့အစည်းအနေနဲ့ NLD ပါတီရှိပါတယ်။ ကျွန်တော်တို့ NLD ပါတီကို စိတ်ဝင်စားကြတယ်။ ဝန်းရံခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးခဲ့ပါတယ်(သူတို့ကြောင့် NLD ပါတီ ရွေးကောက်ပွဲနိုင်ခဲ့တယ်လို့ မဆိုလိုပါ)။
၂၀၁၀ မတိုင်မီအထိ သူတို့ဟာ ဒီလိုပဲ ခံယူဟောပြောခဲ့ကြတယ်လို့ ကျွန်တော် တောက်လျှောက် နားလည်ခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ စစ်အသွင်ပြောင်းအစိုးရ တက်လာတော့ သူတို့အထဲက တစ်ချို့ဟာ ပြည်တွင်းကို ပြန်ဝင်လာပြီး အစိုးရနဲ့ နီးကပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်လာတာကို တွေ့ရပါတယ်။ ရာထူးကြီးတွေ ရသွားသူတွေလည်း ရှိခဲ့ကြတယ်ထင်ပါတယ်။
NLD အစိုးရ တက်လာချိန်မှာတော့ သတိထားမိသလောက် သူတို့ကို အစိုးရနဲ့ နီးနီးကပ်ကပ် သိပ်မတွေ့ရ သလောက်ပါပဲ။ ရှိခဲ့ရင်လည်း နည်းလိမ့်မယ် ထင်ပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲ ကျွန်တော်လက်လှမ်း မမီပါဘူး။ မတွေးတတ်ပါဘူး။ ဒီလူတွေဟာ နိုင်ငံခြားအတွေ့အကြုံတွေ ပညာရပ်တွေ သင်ယူတတ်မြောက် ထားကြသူတွေပဲလို့ ကျွန်တော် ရိုးရိုးသားသားတွေးခဲ့ မိပါသေးတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းတော့ အစပိုင်းမှာ ဒီလူတွေအထဲက အများစုဟာ အသံတိတ် နေခဲ့ကြပါတယ်။ တစ်နှစ်လောက်ကြာတော့ စစ်အာဏာသိမ်းအစိုးရကို ထောက်ခံတဲ့ပုံစံနဲ့ စစ်အစိုးရရဲ့ ပွဲတွေကို တက်လာနေကြတာကို တွေ့လာ ရတယ်။ အခုနောက်ပိုင်းကျတော့ အာဏာသိမ်း စစ်အစိုးရကို ပေါ်ပေါ်တင်တင် ထောက်ခံနေကြရုံသာမက တော်လှန်ရေးကို လှောင်သလိုပြောင်သလို ရိသလိုကလိသလို ပြောဆိုရေးသားပြီး စစ်အစိုးရရဲ့ ပွဲတွေကို Promote လုပ်ပေးနေကြတာတွေကို Online ပေါ်မှာ မကြာခဏတွေ့မြင် လာကြရပါတယ်။
ကျွန်တော် နိုင်ငံရေးအကြောင်း အများကြီးမသိပါ။ စာလည်း အများကြီး မတတ်ပါ။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်ကြုံတွေ့နေကြရတဲ့ ပဋိပက္ခကြီးနဲ့ ပတ်သက်ပြီး အမှန်အတိုင်းပြောရရင် ကျွန်တော် မပျော်ပါ၊ စိုးရိမ်ပါတယ်။ ကျန်တဲ့သူတွေလည်း ဒီလိုသဘောမျိုးပဲ ရှိကြလိမ့်လို့ ထင်ပါတယ်။ သို့သော် လူငယ်တွေ အသက်ခန္ဓာ အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ဆင်နွှဲနေကြတဲ့ တော်လှန်ရေးကြီးကို မလှောင်ပြောင်ရက်ပါ၊ မရိရက်ပါ၊ မကလိရက်ပါ။ လူငယ်တွေ တော်လှန်ရေးကို သူတို့အကျိုးအတွက် လုပ်နေကြခြင်း မဟုတ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။
Online ပေါ်က တော်လှန်ရေးကို လှောင်ပြောင်နေကြတဲ့ မျိုးဆက်ဟောင်းတချို့ကို မေးချင်ပါတယ်။ ၂၀၂၁ အရေးအခင်းကြီးဟာ ၁၉၈၈ အရေးအခင်းလောက် မကြီးကျယ်ဘူး၊ အရေးမပါဘူး လို့များ ထင်နေကြပါသလား။ ဒါမှမဟုတ် ငါတို့ခေတ် စစ်တပ်က ဆိုးပြီး မင်းတို့ခေတ် စစ်တပ်က ကောင်းတယ်လို့ ပြောချင်တာလား။ စစ်အာဏာရှင်ဟာ အချိန်ကာလ အလိုက် ကောင်းခြင်းဆိုးခြင်းတွေကို ပြောင်းလဲနေပါသလား။
ဘယ်နိုင်ငံမှာမှ အရေးအခင်းတွေဟာ အကြောင်းမဲ့ ပေါ်ပေါက်လာကြတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ခေတ်အဆက်ဆက်မှာ အရေးအခင်းကြီးတွေ အကြောင်းအားလျှော်စွာ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်းနဲ့ ၂၀၂၁ အရေးအခင်းကြီးကတော့ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတဲ့ အ ရေးအခင်း ကြီးပါပဲ။ ဘယ်အရေးအခင်းကတော့ ပိုပြီးကြီးကျယ်တယ်၊ ပိုပြီးအရေးပါတယ်လို့ မပြောလိုပါ။ မပြောတတ်ပါ။
သို့သော် အရေးအခင်းနှစ်ခုရဲ့ နောက်ခံအကြောင်းအရာတွေ မတူဘူးလို့တော့ ပြောနိုင်ပါတယ်။ တိုတိုပြောရရင် ၁၉၈၈ က ပြည်သူ မကြိုက်တဲ့ အစိုးရကို လူထုအင်အားနဲ့ ဖြုတ်ချဖို့ အရေးအခင်းဖြစ်လို့ စစ်တပ်က အာဏာသိမ်းတယ်။ ၂၀၂၁ က ပြည်သူကြိုက်တဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချလို့ အရေးအခင်းဖြစ်တယ်။
၁၉၅၈ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်တပ်ဟာ ဦးနုအစိုးရဆီက အာဏာကို ရယူခဲ့ပါတယ်။ ၁၉၆၀ မှာ ရွေးကောက်ပွဲ လုပ်ပေးပြီး ဦးနုကို အာဏာလွှဲပေးပါတယ်။ ဒါပေမဲ့ ၁၉၆၂ ကျတော့ ပြန်သိမ်းခဲ့ပြန်ပါတယ်။ ၁၉၉၀ ကျတော့ စစ်တပ်ကပဲ ဦးဆောင်ပြီး ရွေးကောက်ပွဲကျင်းပ ပေးခဲ့ပါတယ်။ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး အာဏာမလွှဲခဲ့ပါဘူး။ ဒီဖြစ်စဉ်တွေကို ခြုံကြည့်ရင် စစ်တပ်ဟာ ဘယ်တော့မှ ပြည်သူဘက်မှာ မရှိခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ စစ်တပ်ဆိုတာထက် စစ်အာဏာရှင်တွေလို့ပြောရင် ပိုပြီးတော့ ပြည့်စုံမယ် ထင်ပါတယ်။
ခင်ဗျားတို့ရော ဘယ်လိုထင်ကြပါသလဲ။ စစ်အာဏာရှင်တွေပြောသလို NLD ပါတီက မဲလိမ်မဲခိုးလို့ အာဏာသိမ်းတယ်လို့ ခင်ဗျားတို့လက်ခံထား ကြပါသလား။ မဲစာရင်းမှားလို့ အာဏာသိမ်းကြေးဆိုရင် ဆယ်တန်း အောင်စာရင်းတောင် မှန်အောင်မထုတ်ပြန်နိုင်တဲ့ သူတွေကို ဘယ်လိုယုံကြည်ကြမလဲ။ ဘူးလက်လှဆွေ ဆိုတဲ့လူကြီး ဘာလို့ငြိမ်သွား ရတာလဲ။ အခုလို အငြင်းပွားဖွယ်အခြေအနေမှာ ရွေးကောက်ပွဲစနစ်ကို ပြည်သူတွေကျင့်သားရနေပြီးသား “နိုင်သူ အကုန်ယူ” တစ်ခုတည်းကို မသုံးဘဲ ရှုပ်ထွေးလှတဲ့ PR စနစ်နဲ့ ရောပြွန်းကျင့်သုံး ရတာလဲ။ ဒါတွေက စဉ်းစားစရာတွေ ဖြစ်မလာဘူးလား။
ခင်ဗျားတို့အနေနဲ့ စစ်အာဏာရှင်တွေဆီမှာ အမှန်တရားတို့ ပြည်သူ့ဆန္ဒတို့ ရှိနေတယ်လို့ မျှော်လင့်ပါသလား။ နှစ်ပေါင်း (၇၀)ကျော်အတွင်း စစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း မြောက်မြားစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့ဆီမှာ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ် ရှိပါ့မလား။ ဗမာအချင်းချင်းတောင် ခေါင်းတစ်လုံးပိုမြင့်ချင်တဲ့ စစ်အာဏာရှင်တွေကို တိုင်းရင်းသားတွေ မယုံကြည်တာ ကျွန်တော်မအံ့သြတော့ပါ။
ဒီလိုပြောလို့ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်စနစ်ကို လက်နက်စွဲကိုင်တော်လှန်မှုတွေ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ရပ်တွေကို ခြွင်းချက်မရှိ မှန်တယ်။ ထောက်ခံတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အားနည်းချက်တွေရှိတယ်။ အလွန်အကျွံမှုတွေ ရှိပါတယ်။ ဒါဟာ အမှန်တရားပဲ။ ပြည်တွင်းစစ်မီး တောက်လောင်နေတာလေ။
မြေပြင်မှာ အသက်စွန့်တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေကို ပျက်ရယ်မပြုသင့်ဘူးလို့ ထင်ပါတယ်။ ခင်ဗျားတို့ကိုယ်တိုင်လည်း ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့ကြဖူးသူတွေဆိုတော့ ပိုပြီးတော့ ကိုယ်ချင်းစာသင့်ပါတယ်။ အခုအထိလည်း ခင်ဗျားတို့မျိုးဆက်တချို့ ဒီလမ်းကြောင်းပေါ်မှာ ရှိနေဆဲပဲဆိုတာကို သတိပြုသင့်ပါတယ်။ ဒါတွေဟာ ပါတီတစ်ခု လူတစ်စုရဲ့ ပယောဂကြောင့်လို့ လက်ညှိးထိုးခဲ့မယ်ဆိုရင်တော့ အသက်စွန့်သွားကြသူတွေ အိုးအိမ်ပျက်စီးခံရသူတွေ ပြည်တွင်းမှာ မရှိတော့တဲ့ လူငယ်တွေ နိုင်ငံဝန်ထမ်းတွေ စော်ကားရာ ကျလိမ့်မယ်လို့ ထင်ပါတယ်။
ဒီတော်လှန်ရေးကြီး အောင်မှာလား။ ဘယ်တော့လဲ။ ကျွန်တော် မသိပါ။ ၁၉၈၈ နဲ့ယှဉ်ရင်တော့ လက်ရှိ တော်လှန်ရေးဟာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ အတိုင်းအတာတစ်ခုအထိ လူထုထောက်ခံမှု ရှိခဲ့တယ်။ အောင်မြင်ခဲ့တယ် အောင်မြင်နေဆဲလို့ ပြောနိုင်ပါလိမ့်မယ်။ ခေတ်ကာလအရ လူနေမှုပုံစံနဲ့ နည်းပညာတို့ရဲ့ တိုးတက်မြင့်မားလာမှုကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ တချိန်တည်းမှာပဲ သမိုင်းတစ်လျှောက် မကြုံဘူး မကြားဘူးတဲ့ ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေကိုလည်း ကြုံတွေ့နေကြရတာ အမှန်ဧကန်ဖြစ်ပါတယ်။
ထို့အတူ စစ်အာဏာရှင်တွေအနေနဲ့ ရှက်ဖွယ်ကောင်းတဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ခဲ့ကြရတယ်၊ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ကိုယ်တိုင် လူငယ်တွေ နိုင်ငံအတွင်းမှာ မရှိတော့ဘူးလို့ ထုတ်ပြောလာရတဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်။ သေချာတာတစ်ခုကတော့ စစ်တပ်အနေနဲ့ နောင်ကို ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဖို့ ကာချုပ်တစ်ယောက်ဖြစ်ရင် အာဏာတစ်ခါရူးတာမျိုး မလုပ်ဖို့ လုံလောက်တဲ့ သင်ခန်းစာတွေ ရသင့်ပြီလို့ ထင်ပါတယ်။
ငါတို့လုပ်ခဲ့တဲ့တော်လှန်ရေးက မှန်တယ်၊ မင်းတို့လုပ်တဲ့ တော်လှန်ရေးက တိုင်းပြည်ကို ဖျက်ဆီးနေကြတယ်လို့ ပြောမယ်ဆိုရင်တော့ အတော်ရီစရာကောင်းတဲ့ ပျက်လုံးပဲလို့ ပြောရပါလိမ့်မယ်။ အရှိန်အဟုန်ကြီးမားတာဟာ အားထုတ်မှုတွေ ကြီးမားလို့ပါ။ ဒါဟာ နိယာမတရားပါ။
ချုပ်ရရင်တော့ ဒါတွေကို ပြေငြိမ်းသွားဖို့အတွက်ဆိုရင် ဘက်တစ်ဘက်တည်းမှာပဲ တာဝန်ရှိနေတာ မဟုတ်ဘူး လို့ထင်ပါတယ်။ အထူးသဖြင့် Online ပေါ်ကနေ စစ်အာဏာရှင်နဲ့ ပလူးပလဲလုပ်ပြီး တော်လှန်ရေးဘက်ကို လှောင်ပြောင်နေတဲ့ မျိုးဆက်ဟောင်းဆိုသူတချို့ကို ပြောချင်ပါတယ်။ ခင်ဗျားတို့ မပူးပေါင်းနိုင်ရင်တောင် တိတ်ဆိတ်စွာနေပေးပါ။ အမြင်မတူတာ သဘောထားကွဲလွဲတာကို နားလည်ပေးလို့ ရပါတယ်။ သဘောမတူခွင့်လည်း ရှိပါတယ်။
ဒါပေမဲ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အနိဋ္ဌာရုံတွေကို တော်လှန်ရေးလုပ်နေသူတွေကြောင့် ဖြစ်နေတာ။ စစ်တပ်မှာ အပြစ်မရှိဘူးဆိုတဲ့ ပုံစံမျိုး မဖော်ချင်ကြပါနဲ့။ ဘာကြောင့် ဘယ်လိုဆိုတာ ပြည်သူလူထု သိပါတယ်။ မျိုးဆက်သစ်တွေရဲ့ တာဝန်ကျေမှုကို ကိုယ်ချင်းစာစိတ်နဲ့ ရှုမြင်ပေးပါ။ “၈၈ က စောက်ချိုးတွေ ၂၁ လာ မချိုးကြပါနဲ့”။
ဧသုနိုင်
The Tanintharyi Times
