သြဂုတ်လ ၁၇ ရက် မနက်ခင်းသတင်း
သြဂုတ်လ ၁၇ ရက် မနက်ခင်းသတင်း
ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ
ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်က သင်္ကန်းတုံးရွာအနီးမှာ မနေ့က မွန်းလွဲ ၁ နာရီကျော်လောက်က စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။
ဝကုန်းရွာကနေ လမ်းမကြီးအတိုင်းဆင်းလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သင်္ကန်းတုံးရွာ တံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
နှစ်ဖက်အဖွဲ့တွေက လက်နက်ကြီး၊ ငယ်တွေနဲ့ အချိန် ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က ပြောဆိုတာ ရှိပါတယ်။
အဂတိအမှုနဲ့ ဖမ်းဆီးခံရတဲ့ တနင်္သာရီတိုင်းနယ်လုံဝန်ကြီးနေရာကို ဗိုလ်မှူးကြီး တစ်ဦးအစားထိုး
အဂတိလိုက်စားမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ က လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးနေရာမှာ ဗိုလ်မှူးကြီး တစ်ဦးကို အစားထိုးခန့်အပ်လိုက်ပါတယ်။
ဗိုလ်မှူးကြီး သိန်းလင်းအစား ဗိုလ်မှူးကြီး မင်းမင်းလတ်ကို အစားထိုးခန့်အပ်တာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားပါတယ်။ ဗိုလ်မှူးကြီးမင်းမင်းလတ်ဟာ စစ်တက္ကသိုလ်က နည်းပြအရာရှိချုပ်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး သိန်းလင်းဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့နဲ့အတူ ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။
ထားဝယ်အရှေ့တောကို ဆန်နဲ့ ဆေးဝါးသယ်ရင် လူကိုဖမ်းပြီး ကားကိုသိမ်းမယ်လို့ စစ်ကောင်စီတပ်ခြိမ်းခြောက်
ထားဝယ်မြို့နယ်ထဲက ကရင်တိုင်းရင်းသားအများစု နေထိုင်တဲ့အရှေ့တောဒေသကို ဆန်နဲ့ရိက္ခာတွေသယ်ရင် လူကိုဖမ်းကာ ကားကိုပါအပြီးသိမ်းမယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။
ထားဝယ်မြို့အထွက် ဗျောတောဝရပ်ကွက် စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစလို့ အစစ်အဆေးပိုတင်းကြပ်လာပြီး အခုလိုခြိမ်းခြောက်ပြောဆိုတာတွေ ရှိလာတာပါ။
၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကစပြီး ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီက ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့်ကန့်သတ်ထားပြီး အခုရက်ပိုင်းမှာ ပိုပြီးတင်းကြပ်လာတာ ဖြစ်ပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောနယ်က စစ်ကောင်စီစစ်ကြောင်း ဒေသခံနှစ်ဦးကို ဖမ်းဆီးထား
ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ကစစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ဝကုန်းရွာကိုရောက်ရှိခဲ့ပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ လွန်ခဲ့တဲ့နှစ်ရက် အခုလ ၁၄ ရက်နေ့ကတည်းက ကျောက်မဲတောင်ရဲစခန်းကနေ ထွက်လာခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ မနေ့က ဝကုန်းရွာကနေ ပကာရီဘက်ကိုဦးတည်ထွက်လာချိန် မနက် ၁၀ နာရီလောက်မှာ ရွာသားတွေကို ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ဝကုန်းရွာကို သြဂုတ်လ ၁၅ ရက်က ရောက်ရှိလာတာဖြစ်ပြီး ညနေပိုင်းမှာ ဒေသခံ အမျိူးသား၊ အမျိုးသမီး ၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပေမယ့် နောက်တစ်နေ့မနက်အစောပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပလမြို့ရဲစခန်းအနီးက အိမ်နှစ်ဆောင် မီးရှို့ခံရ
စစ်အုပ်ချုပ်ရေးသတ်မှတ်ခံထားရတဲ့ ပုလောမြို့နယ်ထဲက ပလမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နီးစပ်၊ ပတ်သက်သူတွေရဲ့ အိမ်နှစ်ဆောင်မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်လောက်က ပလမြို့ အမှတ် (၃) ရပ်ကွက်၊ ရဲစခန်းအနီးမှာရှိတဲ့ ဦးတင်ညွန့်ရဲ့တစ်ထပ်တိုက်အိမ် မီးရှို့ခံခဲ့ရပြီး တစ်ရပ်ကွက်တည်းနေ ဦးမျိုးမင်းဦးရဲ့ နှစ်ထပ်တိုက်အိမ်လည်း မိုင်းခွဲခံရပြီး မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီအိမ်နှစ်ဆောင်ကို မိုင်းခွဲတာနဲ့ မီးရှို့တာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုတာတွေ ရှိနေပါတယ်။ တပ်ဖွဲ့တွေဘက်ကတော့သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီသတ်မှတ်တဲ့ ထိုင်းဘတ်ငွေလဲနှုန်း ပြင်ပပေါက်ဈေးနဲ့ ထက်ဝက်ကွာ
စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်တဲ့ ထိုင်းဘတ်ငွေလဲနှုန်းက ပြင်ပက တကယ့်ဈေးကွက်ပေါက်ဈေးနဲ့ ထက်ဝက်နီးပါး ကွာဟလာပါတယ်။
ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးက တစ်ဘတ်ကို မြန်မာငွေ ၅၉ ကျပ်ကျော် ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်ပဈေးကွက်မှာတော့ ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၁၀၀ ကျပ်အနည်းဆုံးရှိပါတယ်။
မနေ့က မနက်ပိုင်းမှာ ကော့သောင်းမြို့ပေါ်က ဘတ်ငွေလဲစျေးဟာ မြန်မာငွေတစ်သိန်းကို ထိုင်းဘတ် ၁၀၀၀ ပေါက်ခဲ့ပြီး မွန်းလွဲပိုင်းမှာ ၉၉၅ ဘတ်၊ နေ့လယ်မှာ ၉၉၀ ဘတ်အထိ ကျသွားခဲ့တယ်လို့ ငွေလဲလုပ်ငန်းတချို့ထံကနေ သိရပါတယ်။
The Tanintharyi Times
