မတရားမှုမှာ ဖယ်ရှားဖို့လိုတဲ့ နေသားကျစိတ်
မတရားမှုမှာ ဖယ်ရှားဖို့လိုတဲ့ နေသားကျစိတ်
ပုံစံတစ်မျိုးထဲပဲ ထပ်ခါတလဲလဲ အဖြစ်အပျက်တွေနဲ့ ကြုံဆုံရဖန် များလာတဲ့အခါ စိတ်ထဲမှာ ရိုးသွားတတ်ကြသတဲ့။ မတရားပြုမူခံရတဲ့ အနေအထားမျိုးမှာတောင် ဒါဟာ မတရားမှုပါလား ဆိုတဲ့စိတ် မဖြစ်ပေါ်လာတော့ဘဲ ထုံထိုင်းအေးစက်သွားတဲ့ စိတ်အခြေအနေမျိုး ဆိုပါတော့။
အဲဒီ စိတ်ကို နေသားကျသွားတဲ့စိတ်လို့ ခေါ်လို့ရနိုင်မလား။ မြင်ဖန်များ၊ ကြားဖန်များ၊ ကြုံတွေ့ဖန်များတော့ မဖြစ်သင့်တဲ့ ကိစ္စတွေဟာ ဖြစ်သင့်သယောင် စိတ်ထဲမှာ လက်ခံသွားတတ်တာဟာလည်း ဒီလို နေသားကျစိတ်မျိုးပဲ ထင်ပါရဲ့။
တစ်ခါက ပြစ်မှုကြီးတွေ ကျူးလွန်ထားတဲ့ အကျဉ်းသားတစ်ယောက်ဟာ နှစ်ရှည်ထောင်ဒဏ်ချခံရသတဲ့။ ထောင်ကျတာကလည်း ဒီအတိုင်း ပိတ်လှောင်ထားရုံ မဟုတ်ဘူး။ အခန်းကျဉ်းထဲမှာ ပက်လက်အိပ်စေပြီး သူ့ခန္ဓာကိုယ် အနီးတဝိုက်မှာ ဆူးတွေနဲ့ ပတ်ပတ်လည် ကာရံထားသတဲ့။ လက်လေး ခြေလေးတစ်ချက် လှုပ်လိုက်တာနဲ့ ဆူးဆူးမှာမို့ စားချိန်သောက်ချိန်ကလွဲရင် သူဟာ အဲဒီဆူးသေတ္တာထဲ ပက်လက်အတိုင်း မလှုပ်မယှက် အိပ်နေရသတဲ့လေ။
ဒီလိုနဲ့ အနှစ်ငါးဆယ်လောက် ဆူးပုံထဲ နေပြီးတဲ့အခါ သူထောင်က လွတ်လာတယ်။ သူနှစ်ပေါင်းများစွာ တောင့်တလာတဲ့ လွတ်လပ်မှုကို သူပြန်လည်ပိုင်ဆိုင်ရပြီ။ ကန့်သတ်တာ၊ ပိတ်ပင်တာ၊ နှိပ်စက်တာမျိုးကို သူဘယ်တော့မှ ခံစားစရာ မလိုတော့။ သူ့စိတ်တိုင်းကျ နေချင်သလိုနေ၊ အိပ်ချင်သလို အိပ်လို့ရပြီ။ ဒါပေမယ့် ထူးဆန်းစွာပဲ သူဟာ သာမန်အိပ်ရာပေါ်မှာ အိပ်မပျော်တော့ဘူးတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။ ဆိုးရွားတဲ့ အဖြစ်အပျက်နဲ့ အချိန်အကြာကြီး အတူနေလာရတဲ့အခါ အဲဒီအဆိုးကိုပဲ စွဲလမ်းသွားတတ်တဲ့ လူ့စိတ်သဘာဝလေးပေါ့။ အမှားကို အမှားလို့တောင် မမြင်တော့ဘဲ အမှားထဲ နေသားကျသွားတဲ့ စိတ်ဟာ ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလိုက်ပါသလဲ။
ကျွန်မ ခရီးတိုတစ်ခု သွားထားတဲ့ အတွေ့အကြုံကို ပြန်သတိရမိတယ်။ နိုင်ငံတောင်ပိုင်းရဲ့ အဝေးပြေးလမ်းမကြီး တစ်ခုမှာပေါ့။ မိုင်တစ်ရာလောက် ဝေးတဲ့ လမ်းမပေါ်မှာ စစ်ဆေးရေးဂိတ်က ဆယ်ခုလောက်ရှိတယ်။ ဒီလိုဖြစ်နေတာက လေးနှစ်ကျော်နေပြီဆိုတော့ ကားသမားတွေက ဂိတ်စောင့်တွေကို ပေးရကမ်းရတာ နေသားကျနေပြီလားမသိ။
ကျွန်မစီးလာတဲ့ကားက ဒီခရီးကို နေ့တိုင်းအသွားအပြန် မောင်းနေတဲ့ခရီးသည်ငါးဆယ်လောက် တင်ထားတဲ့ကား။ “တစ်ရက်ကို ဂိတ်ဖိုးချည်းပဲ သုံးလေးသောင်းလောက် ကုန်တယ်။ ဒီတော့ ကားခပိုတိုးယူ နေရတာပေါ့ဗျာ”။ ကားသမားရဲ့ ခပ်တိုးတိုး ပြောသံ ကြားလိုက်တယ်။
ခဏအကြာမှာ ဂိတ်တစ်ခုကို ရောက်လာတယ်။ ဒီဂိတ်က ဆင်းစရာမလို။ ကားရပ်ပြီး ပိုက်ဆံလှမ်းပေးလိုက်ရုံ။ ပိုက်ဆံကမ်းပေးနေချိန်မှာပဲ ကားသမားရဲ့ ဖုန်းက တစ်ကားလုံး ကြားလောက်အောင် အသံအကျယ်ကြီး မြည်လာတယ်။ ဆောင်းဘောက်စ်နဲ့ တွဲထားတဲ့ ဖုန်းကို စပီကာဖွင့်ပြီး အရပ်ဆယ်မျက်နှာကြားအောင် အော်ပြောလေရဲ့။ ပြီးမှ ကားမောင်းထွက်လာတယ်။
လမ်းမ ရှေ့တည့်တည့်ကို ကြည့်မောင်းနေရင်းက ခရီးသည်တွေ ရှိရာဘက်ဆီ တစ်ချက်စောင့်ငဲ့ကြည့်ပြီး ဒီဂိတ်စောင့်တွေအကြောင်း နောကြေနေတဲ့ လေသံနဲ့ ကျွန်မတို့ကို ရှင်းပြနေရှာတယ်။ “စစ်ဆေးရေးဂိတ်မှာ ဖုန်းလာရင် စပီကာဖွင့်ပြီးတော့သာကိုင်… ဘာမှမဖြစ်ဘူး၊ ဒီအတိုင်း အသံပိတ်ပြီးကိုင်ရင် သူတို့က ကိုယ့်ကို သံသယဖြစ်နေဦးမယ်” တဲ့။ သူလည်း ဖုန်းစပီကာဖွင့် ပြောရတာကို နေသားကျနေပြီ ထင်ပါရဲ့။
နောက်တစ်နေရာမှာတော့ ကားပေါ်ကဆင်း ဂိတ်တဲထဲအထိ သွားပြီး ပ,သပေးရတဲ့ဂိတ်။ ပ,သပြီးတာနဲ့ သူက မောင်းသူနေရာမှာ ပြန်ထိုင်ပြီး ကျွန်မတို့ကား ခရီးဆက်ကြပြန်တယ်။ “ခါတိုင်း ငါးထောင်ပေးနေရတာ…ဒီနေ့တော့ သုံးထောင်ပဲ ယူလို့ တော်သေးတယ်” လို့ ခပ်ပြုံးပြုံးပြောရင်းက လျှော့ယူတဲ့ သူတွေကိုပဲ ပြန်ပြီး ကျေးဇူးတင်ချင် နေသလိုလို။
နောက်ဆုံးတော့ သွားလိုတဲ့ မြို့အဝင်ဂိတ်ကို ရောက်လာပါတယ်။ ဒီဂိတ်ကို ဂိတ်ကြီးလို့ ခေါ်ကြတယ်။ စစ်သားတွေလည်းများ၊ စစ်စစ်ပေါက်ပေါက်လည်း စစ်ဆေးတယ်လို့ နာမည်ကြီးတဲ့ဂိတ်။ ကားရပ်ရပ်ချင်းမှာပဲ ယူနီဖောင်းဝတ်တွေက ကားပေါ်ကို ခပ်မြန်မြန်ပဲ တက်လာကြပြီး တစ်ခွန်းတည်း ပြောတယ်။ “မှတ်ပုံတင်ပြ”။
ခရီးသည်တွေလည်း ကိုယ့်မှတ်ပုံတင်ကိုယ် ထုတ်ပြကြပေါ့။ မှတ်ပုံတင်မပါတဲ့ ခရီးသည်ရယ်လို့ မရှိ။ ဒီလေးနှစ်ထဲမှာ ကျွန်မတို့ ဘယ်သွားသွား အိမ်ပေါ်က ဆင်းတာနဲ့ မှတ်ပုံတင် ဆောင်ထားရမယ်ဆိုတာ ပုံမှန်အလုပ်တစ်ခုလို စိတ်ထဲမှာ စွဲနေပြီ။ ဒါလည်း နေသားကျခြင်း တစ်မျိုးပါပဲလား။
ဒီလို စစ်ဆေးမေးမြန်းခံရတာတွေ၊ လာဘ်သိပ်ထိုးရတာတွေကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ ကြုံနေရတဲ့အခါ ဒါဟာ မတရားမှုတစ်ခု၊ ဖိနှိပ်မှုတစ်ခုရယ်လို့ မမြင်မိတော့ဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုလို့ ထင်ယောင်ထင်မှား ဖြစ်သွားတတ်ကြတယ်။ ရယ်စရာ ဟာသအနေနဲ့ ပြောကြတာက “အစစ်အဆေးရှိရင်ပုံမှန်၊ အစစ်အဆေးမရှိမှ ထူးခြားဖြစ်စဉ်” တဲ့။
လမ်းခရီးမှာ ဘာအစစ်အဆေးနဲ့မှမကြုံ လမ်းရှင်းနေရင်ပဲ တစ်ခုခု ထူးခြားနေသလိုလို၊ ကံကောင်းလို့ အမေးအမြန်း မခံရတာလို့ စိတ်မှာ ထင်လာကြတယ်။ ဆိုင်ကယ်နဲ့ သွားလာကြသူတွေ စစ်ဆေးခံခဲ့ရတယ်ဆိုလည်း ဆိုင်ကယ်ဘောက်စ် မဖွင့်ဘူး၊ ဘာမှ အရစ်မခံရဘူး၊ မှတ်ပုံတင်ကြည့်ရုံပဲ ဆိုတာမျိုးနဲ့ အခွင့်ထူးခံလိုလို ဝမ်းသာသွားတာမျိုးကို ရပ်ရွာထဲမှာ ခဏခဏ ကြားနေရတယ်။
တကယ်ဆို ခရီးသွားပြည်သူတွေမှာ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနဲ့ အနှောင့်အယှက်မရှိ ခရီးသွားနိုင်တဲ့ အခွင့်အရေး ရှိရမှာ မဟုတ်လား။ ဒီအခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ လုံခြုံလွတ်လပ်မှုလေးတောင် ပြည်သူတွေမှာ မရကြရှာဘူး။
ဒီလို မတရားခံနေရတာကိုပဲ သက်သောင့်သက်သာ ဖြစ်နေတဲ့ သဘောမျိုး ပြောဆိုတာတွေ ကြားရတဲ့အခါ စိတ်ထဲမှာ ထိတ်ခနဲ ဖြစ်သွားစမြဲ။ အခွင့်အရေး ချိုးဖောက်ခံနေရတာကို သတိမထားမိတော့တဲ့အထိ ကျွန်မတို့က မတရားမှုအောက်မှာ နေသားကျသွားပြီလားလို့ စိုးထိတ်စိတ် ဖြစ်မိပါတယ်။
VPN သုံးနေရတာကို ပုံမှန် အနေအထားတစ်ခုလို ထင်လာမိပြီလား။ အိမ်အပြင်ထွက်ရင် VPN ကိုဖျက်၊ Facebook ကိုဖျက်၊ ဖုန်းထဲမှာ ဖျက်စရာရှိဖျက်၊ ဖွတ်စရာရှိတာ ဖွတ်နေရတာကို ပုံမှန်ဖြစ်စဉ်တစ်ခုလို မြင်နေမိပြီလား။
ကိုယ့်လုံခြုံမှုအတွက် မတတ်သာလို့ လုပ်နေရတယ်၊ ဒါကို မတရားမှုလို့ မြင်နေသေးတယ်ဆိုရင် တော်လှန်အင်အားဟာ မလျော့နည်းသေးပါဘူး။ ဒီလိုမှမဟုတ် မတရားခံနေရတာကို သတိမရတော့ဘဲ နေသားကျသွားမယ်ဆိုရင် ပြန်လည်တွန်းလှန်ဖို့ အခွင့်အရေး ရရင်တောင် ရုန်းထွက်ဖို့ မေ့လျော့သွားတတ်ပါတယ်။
ဖိနှိပ်ခံရမှု သက်တမ်းက ကြာရှည်လာလေလေ၊ ဖိနှိပ်မှုအောက်မှာ နေသားတကျဖြစ်အောင် ကြိုးစားနေမိလေလေဆိုရင် ရုန်းကန်တွန်းလှန်ဖို့ စိတ်ဓါတ်ခွန်အားတွေ လျော့ရဲသွားမှာကိုတော့ စိုးပူမိတာပါပဲ။ ဖိနှိပ်မှုကို ဖိနှိပ်မှုလို့ သိပြီး၊ မတရားမှုကို မတရားမှုလို့ သိပြီး တွန်းလှန်ပုန်ကန်လိုစိတ် အမြဲဖြစ်နေမှ ဒီစနစ်ဆိုးကြီးကို ဖြိုဖျက်နိုင်မှာပါ။
ဗုံးကြဲခံရလို့ လက်နက်ထိမှန်လို့ သေဆုံးနေတဲ့ ပြည်သူတို့ရဲ့ ရုပ်အလောင်းတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ စတဲ့ မြင်ကွင်းတွေကို မြင်ရဖန်များလာတဲ့အခါ အထိတ်တလန့် တအံ့တဩ မဖြစ်မိဘဲ မထူးခြားဘူးလို့ စိတ်ထဲမှာ ဖြစ်သွားမိပြီလား။ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ အကျူးလွန်ခံနေရတဲ့ အပြစ်မဲ့ပြည်သူတို့အတွက် ဝမ်းနည်းခံပြင်းစိတ် မဖြစ်တော့ဘူးလား။
ကျွန်မတို့ရဲ့ စိတ်နေသဘောထားကို လေးလေးနက်နက် ဆင်ခြင်စေ့ငု ကြည့်ကြရအောင်ပါ။
လူတိုင်း သိကြတဲ့ “ဖား” သီအိုရီ လိုပဲပေါ့။ ရေအေးထည့်ထားတဲ့ အိုးထဲ ဖားတွေကို ထည့်ထားပြီး တဖြည်းဖြည်းနဲ့ အပူချိန်တင်လိုက်။ ဖားတွေက ရုန်းထွက်ဖို့ သတိမရကြတော့ဘဲ ပွက်ပွက်ဆူလာတဲ့ ရေနွေးထဲမှာ သေကုန်ရော။ နောက်တစ်နည်းက ပူနေတဲ့ ရေထဲကို ဖားတွေ ပစ်ထည့်လိုက်။ ချက်ခြင်းခုန်ထွက်လာပြီး ထွက်ပြေးလွတ်မြောက် သွားကြရောတဲ့။
အဲဒီအတိုင်းပါပဲ။ ရုန်းထွက်နိုင်ဖို့ဆို ပူနေမှန်း သိနေဖို့လိုတယ်။ ပူလို့ပူမှန်းမသိဘဲ အပူတောထဲ ပျော်နေမယ်ဆိုရင်၊ ရုန်းထွက်ရမယ်မှန်း သတိမရတော့ဘူး ဆိုရင် မိမိအပါအဝင် နောင်မျိုးဆက် အဆက်ဆက် ဒီလူယုတ်မာတွေ ဖန်တီးထားတဲ့ စနစ်ဆိုးထဲ ခေါင်းမဖော်တမ်း နစ်မြုပ်သေဆုံး နေရဦးမှာပါပဲ။
အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်မပါနိုင်ရင်တောင် အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ဖြိုဖျက်ချင်တဲ့ စိတ်ထားကို အမြဲရင်ဝယ်ပိုက်ထား ကြရမှာပါ။
မတရားမှုကို မတရားမှုလို့ သိနေရမယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာကို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိနေရမယ်၊ ဖိနှိပ်မှု ခံနေရတာကို ဖိနှိပ်မှု ခံနေရတယ်လို့ သိနေရမယ်။ ပူတာကို ပူနေတယ်လို့ သိမှပဲ အပူတောထဲက တွန်းလှန်ရုန်းထွက်ဖို့ ခွန်အားသတ္တိတွေ လူတိုင်းကိုယ်စီမှာ ကိန်းအောင်းလာမယ် မဟုတ်ပါလား။ ။
ငြိမ်းပန်
The Tanintharyi Times
