တီဟီရန်မှာ နေထိုင်သူအားလုံး ဘေးကင်းရာကို အမြန်ဆုံးထွက်ခွာသင့်တယ်လို့ ထရမ့်ပြော

တီဟီရန်မှာ နေထိုင်သူအားလုံး ဘေးကင်းရာကို အမြန်ဆုံးထွက်ခွာသင့်တယ်လို့ ထရမ့်ပြော

အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန် မှာနေထိုင်သူအားလုံးဘေးကင်းရာကို အမြန်ဆုံးထွက်ခွာသင့်တယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောပြောကြားလိုက်ပါတယ်။

ထရမ့် က အခုလိုထုတ်မပြောခင်ကတည်းက အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန က တီဟီရန်ခံအားလုံး ထွက်ခွာဖို့ အာရဗီဘာသာစကားနဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အစ္စရေးက တီဟီရန်မြို့ပြ ဧရိယာနေရာအပြားမှာနေထိုင်နေသူတွေကို ချက်ချင်းနေရာပြောင်းရွေ့သွားဖို့ ပြောဆိုထားတာဖြစ်ပါတယ်။

ထရမ့် က သူရဲ့ လူမှုမီဒီယာပလက်ဖောင်း Truth Socialမှာ “အီရန်က ကျနော်ပြောခဲ့တုန်းက စာချုပ်မှာလက်မှတ်ထိုးလိုက်သင့်တာ၊ အရမ်းနာကျင်စရာပါ။ လူ့အသက်တွေကို အလဟဿဖြုန်းတီးရာရောက်တယ်။ ရှင်းရှင်းလင်းလင်းပြောရရင် အီရန်မှာ နျူကလီးယားလက်နက် မရှိစေရ ဆိုတဲ့ သဘောထားကို ကျနော်အကြိမ်ကြိမ်ပြောခဲ့ပါတယ်။အခုတော့ တီဟီရန်မြို့ခံအားလုံး မြို့ကနေထွက်ခွာသွားသင့်ပါပြီ” လို့ ရေးသားထားခဲ့တာဖြစ်ပါတယ်။

ထရမ့်က အခုလိုမရေးသားခင်နာရီ အလိုလောက်မှာပဲ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး Avichay Adraee အာရပ်ဘာသာစကား တီဟီရန်မြို့ခံတွေ အရေးပေါ်ထွက်ခွာဖို့ နဲ့ တီဟီရန်ကို အစ္စရေး က စစ်ဆင်ရေး ထပ်မံလုပ်ဆောင်မယ်လို့ ရေးသားခဲ့တာပါ။

အစ္စရေး အနေနဲ့ တီဟီရန်မြို့ က စစ်ရေးအခြေခံအဆောက်အအုံတွေကို ဆက်လက်ရှင်းလင်းတိုက်ခိုက်ဖို့ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့ပြောဆိုမှုတွေဟာ ပြီးခဲ့တဲ့ လပေါင်း ၂၀ အတွင်း ဂါဇာမှာ နေထိုင်တဲ့ ပါလက်စတိုင်းလူမျိုးတွေကို မကြာခဏခြမ်းခြောက်ထုတ်ပြန်နေတဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ တူညီနေတယ်လို့လည်း ဗြိတိန်သတင်းဌာန ဂါဒီယန်း ကဖော်ပြပါတယ်။

အီရန် -အစ္စရေး အရေးကြောင့် သမ္မတ ထရမ့်ဟာ ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲခရီးစဉ်ကနေလည်းချက်ချင်းထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

တီဟီရန်မြို့မှာ လူဦးရေမှာ သန်း ၉ သန်းကျော် ၁၀ သန်းနီးပါးနေထိုင်နေပြီး ထရမ့် နဲ့ အစ္စရေး စစ်တပ်က အခုလိုရေးသားနေချိန်မှာ မနက် ၄ နာရီကျော်သာရှိပါကြောင်း ဂါးဒီယန်းသတင်းကဖော်ပြပါတယ်။

အီရန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အမေရိကန်ပါဝင်မှာ မဟုတ်ဘူးလို့ အမေရိကန်အရာရှိတွေက ပြောဆိုနေချန် မြို့တော် တီဟီရန် မှာနေထိုင်သူအားလုံးဘေးကင်းရာကို အမြန်ဆုံးထွက်ခွာဖို့ ထရမ့်က သတိပေးနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အစ္စရေးဟာ အီရန်ကို ရုတ်တရက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မစ်ဇိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဆောင်ခင်မှာ ထရမ့်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။

ကိုးကား – ဂါးဒီယန်း

( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times