ထားဝယ်မှာ စစ်ရှောင်တွေနဲ့ PDF တွေ ငှက်ဖျားအဖြစ်များလာ
ထားဝယ်မှာ စစ်ရှောင်တွေနဲ့ PDF တွေ ငှက်ဖျားအဖြစ်များလာ

ထားဝယ်မြို့နယ်က စစ်ဘေးရှောင်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အရင်နှစ်ထက်ပိုပြီး ငှက်ဖျားရောဂါပိုးတွေ့သူ ပိုများလာတယ်လို့ ဒေါနတနင်္သာရီနဲ့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
ဒေါနတနင်္သာရီစစ်ရှောင်အထောက်အကူပြုရေးအဖွဲ့ရဲ့ ဆေးကုသမှုမှတ်တမ်းတွေအရ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဝကုန်းရွာ၊ သင်္ကန်းတုံးရွာ စတဲ့အရှေ့တောဒေသဘက်ကရွာတွေမှာ ငှက်ဖျားအဖြစ်နည်းပေမယ့် ဒီနှစ်မှာတော့ အဲဒီအရှေ့တောမှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်အတော်များများ ငှက်ဖျားဖြစ်ကြတယ်လို့ ဆိုပါတယ်။
“ဒီနှစ်မှာ ကလေးတွေအတော်များများလည်း ငှက်ဖျားဖြစ်ကြတယ်။ ကျနော်တို့ကုသခဲ့တဲ့အထဲမှာဆိုရင် အသက်အရွယ်အငယ်ဆုံးအနေနဲ့ ၁ နှစ်နဲ့ ၃လပဲ ရှိသေးတဲ့ ကလေးလည်း ငှက်ဖျားဖြစ်တာရှိပါတယ်။” လို့ အဖွဲ့ရဲ့မြေပြင်တာဝန်ခံက ပြောပါတယ်။
ဆေးနဲ့ Test kits တွေလုံးဝပြတ်လပ်သွားတဲ့အထိ ကြုံတွေ့ခဲ့ရတဲ့အတွက် ငှက်ဖျားလူနာတွေကို တုပ်ကွေးဖြစ်တဲ့လူနာတွေကိုကုသသလို လူနာရဲ့အခြေအနေပေါ်မှာမူတည်ပြီး ဆေးပေးကုသခဲ့ရတယ်လို့ဆက်ပြောပါတယ်။
ငှက်ဖျားဖြစ်ပြီဆိုရင် ငှက်ဖျားဆေးပေးပြီး အမြစ်ပြတ်အောင် စနစ်တကျကုသပေးဖို့လိုအပ်ပြီး ဒီလိုကုသမှုမျိုးမရရှိခဲ့ရင် ငှက်ဖျားပိုး ခန္ဓာကိုယ်ထဲမှာ ပိုမိုပျံ့နှံ့လာပြီး အလွန်အမင်းခေါင်းမူးခေါင်းဝေတာ၊ အန်တာ၊ အစာစားချင်စိတ်မရှိဘဲ အားအင်ချည့်နဲ့လာတာတွေအပြင် အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်တဲ့အတွက် ဆေးဝါးအလုံအလောက်ရှိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
ထားဝယ်အရှေ့တောဒေသမှာငှက်ဖျားရောဂါအပြင် ရာသီတုပ်ကွေးရောဂါလည်းအဖြစ်များနေတယ်လို့သိရပါတယ်။
“ရာသီတုပ်ကွေးကာကွယ်ဆေးတွေ ကြိုပြီးထိုးနှံထားကြတာရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးတိုင်း အကာအကွယ်ဖြစ်တယ်လို့တော့ ရာနှုန်းပြည့်ပြောလို့မရပါဘူး။” လို့ ဒေါနတနင်္သာရီ အဖွဲ့ရဲ့ မြေပြင်တာဝန်ခံက ပြောပါတယ်။
လွှမ်းခြုံပြီးကုသပေးနိုင်တဲ့နယ်မြေက အကန့်အသတ်ရှိတဲ့အတွက် တနင်္သာရီဒေသတစ်ခုလုံးက ဖျားနာသူဦးရေကိုတော့ ခန့်မှန်းဖို့ကခက်နေတယ်လို့ ဆက်ပြောပါတယ်။
မိုးရာသီမှာကြုံတွေ့လေ့ရှိတဲ့သွေးလွန်တုပ်ကွေးရောဂါအတွက်ကိုတော့ ခြင်ဆေးခွေတွေဝယ်ယူထားတာ၊ ခြင်ပြေးလိမ်းဆေး(Odomos Lotion)တွေ ဝယ်ယူအသုံးပြုနေပြီး ကြိုတင်ကာကွယ်တာတွေလုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
ရာသီတုပ်ကွေးကာကွယ်ဆေးတစ်လုံးရဲ့စျေးနှုန်းကလည်း ကျပ်သုံးသောင်းနဲ့အထက်မှာရှိတဲ့အတွက် ငွေကြေးအလုံအလောက်မရှိတာရော၊ သယ်ယူပို့ဆောင်ဖို့လမ်းကြောင်းအဆင်မပြေမှုတွေကြောင့် ဆေးဝယ်ရခက်ခဲတာတွေနဲ့ကြုံနေရတယ်လို့ ဆိုပါတယ်။
လက်ရှိတနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်ထဲကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေအဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် စစ်ဘေးရှောင်ဦးရေလည်း နေ့စဥ်တိုးလာနေပြီး ဆေးဝါးအကူအညီတွေအပြင် စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေပါတယ်။
The Tanintharyi Times