စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ တနင်္သာရီက ရွာနှစ်ရွာမှာ အိမ်ထောင်စု တစ်ထောင်ကျော် ထွက်ပြေးနေရ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ တနင်္သာရီက ရွာနှစ်ရွာမှာ အိမ်ထောင်စု တစ်ထောင်ကျော် ထွက်ပြေးနေရ

ပုံစာ - ညတွင်းချင်းစစ်ရှောင်နေရတဲ့ ပြည်သူတွေ။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေလို့ ဘန်းလမွတ်နဲ့ဘန်လောကျေးရွာအုပ်စုနှစ်ခုက အိမ်ထောင်စု တစ်ထောင့်သုံးရာကျော်အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီပေးတွေကိုကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

ဘန်လောအရှေ့ဖက်ကမ်းရွာက သက်ကြီးရွယ်အိုတွေနဲ့ကျန်းမာရေးမကောင်းတဲ့ဒေသခံကတွေဟာ အခုလ ၁၄ ရက်နေ့ကစ ရှောင်ပြေးခဲ့ကြပြီး ကျန်တဲ့သူတွေကတော့ လိုအပ်တဲ့အထုပ်အပိုးတွေသယ်ကာ တဖြည်ဖြည်းချင်းနေအိမ်စွန့်ခွာထွက်ပြေးနေကြတယ်လို့သိရပါတယ်။

“အဲညကဆို(၁၄ရက်နေ့ည)ညဘက်ကြီးချက်ချင်းရှောင်ရတာ။ မရှောင်လို့လည်းမရပြီလေ ၁၂၀ နဲ့လှမ်းထုနေတာ။ ရွာနားကိုကျနေပြီ။ ဘယ်နေရဲတော့မလဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလ ၁၄ ရက်နေ့ကတည်းကနေ မနေ့ကနေ့လယ်ပိုင်းအထိ သကျက်ရွာ၊ မရင်းကြီးရွာ၊ ဘန်လင်ရွာတွေဘက်မှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေဆဲဖြစ်တဲ့အတွက် လတ်တလောအခြေအနေတွေမှာ စစ်ဘေးရှောင်ပြည်သူတွေနေရပ်ပြန်နိုင်ကြသေးမှာမဟုတ်ဘူးလို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။

ဘန်းလမွတ်ကျေးရွာအုပ်စုထဲက ဘန်းလမွတ်ရွာ၊ ကျောင်းကုန်းရွာ၊ ညောင်ပင်ကုန်းရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ပနပ်ငယ်ရွာ စတဲ့ရွာတွေက ဒေသခံအများစုကတော့ အခုလ ၆ ရက်နေ့ကတည်းက ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။

ဘန်းလမွတ်ကျေးရွာအုပ်စုထဲက ဘန်းလမွတ်ရွာခံတွေကတော့ စစ်ရေးအခြေအနေငြိမ်သက်သွားရင်တောင် စစ်ကောင်စီတပ်ရဲ့ပိတ်ဆို့တားမြစ်မှုတွေကြောင့် နေအိမ်ပြန်နိုင်မှာမဟုတ်ဘူးလို့ နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။

“လူတွေ့တာနဲ့ပစ်မယ်လို့ပြောထားတယ်။ ရွာထဲကအိမ်တွေမှာလည်း ရှိသမျှပစ္စည်းအကုန်သယ်။ သံတိုသံစကအစသယ်ပြီး တုံးဗျောဘက်မှာလိုက်ရောင်းနေတယ်။ ဘာမှမကျန်တော့ဘူး။” လို့ ဘန်းလမွတ်ရွာရဲ့အခြေအနေကို အဆိုပါတာဝန်ရှိသူက အခုလိုပြောပြပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေနေရပ်ပြန်နိုင်ဖို့အခက်အခဲရှိနေပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်တွေလည်း နေ့စဥ်နဲ့အမျှရှိနေတယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက်ကလည်း ဘန်လောကျေးရွာအုပ်စုထဲကို လက်နက်ကြီးအဆက်မပြတ်ပစ်နေပြီး နှစ်ဖက်စစ်ရေးကတော့ တင်းမာနေတဲ့ အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

အခုနှစ်အတွင်း တနင်္သာရီတိုင်းထဲက ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့တနင်္သာရီမြို့နယ်တွေမှာ စစ်ဖြစ်ပွားနေတဲ့ဧရိယာပိုမိုကျယ်ပြန့်လာနေသလို နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေလည်း ပြင်းထန်လာနေတာကြောင့် စစ်ဘေးရှောင်ဦးရေကလည်း ပိုပိုတိုးလာနေပါတယ်။

The Tanintharyi Times