ပုလောမှာ သင်္ကြန်လည်ထွက်တဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် သေနတ်နဲ့ပစ်
ပုလောမှာ သင်္ကြန်လည်ထွက်တဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် သေနတ်နဲ့ပစ်

ပုလောမြို့နယ်မှာ သင်္ကြန်အလည်ထွက်လာတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၉ နာရီခွဲအချိန်လောက်က ပုလောမြို့ဘက်ကနေ ပလမြို့ဘက်ကို ဆိုင်ကယ်နဲ့လာတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနဲ့ အမျိုးသမီး လူငယ်နှစ်ဦးကို တန်းရှင်းကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်ရဲ့ ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ကျည်ရှပ်ထိ ဒဏ်ရာအသီသီး ရရှိခဲ့တယ်လို့ ပုလောမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
” သူတို့ပစ်ခံရတဲ့နေရာက ကားလမ်းမ မဟုတ်ဘဲ မြို့ရှောင်လမ်းပါ။ အရင်ကလည်း သွားနေတဲ့ ဆိုင်ကယ်တွေမရှိသလောက်ပါပဲ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလမ်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ကင်းပုန်း အရင်ကမရှိဘဲ အခုသင်္ကြန်ကာလအတွင်းမှာမှ ကင်းပုန်းတွေ ရှိနေတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဆိုပါ ကင်းပုန်းတွေဟာ ပုလောမြို့နယ်ထဲက ပလမြို့ ရေနက်ဆိပ်ကမ်းမှာ ရှိတဲ့ သင်္ကြန်မဏ္ဍပ်အတွက် လုံခြုံရေးယူပေးတဲ့အနေနဲ့ ရှိနေကြတာလို့ ၎င်းက ဆက်ပြောပါတယ်။
ပလမြို့ဒေသခံတစ်ဦးကတော့ ” ဒီတိုင်းဆို ဆိုင်ကယ်စီးပြီး လမ်းထွက်လို့ရတော့မှာမဟုတ်ဘူး။ ” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရတာအပြင် ဖမ်းဆီးခံထားရတဲ့သူလည်း ထပ်ရှိသေးတယ်လို့ ပလဒေသခံတွေက ပြောဆိုပေမဲ့ တနင်္သာရီတိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
သင်္ကြန်အကျနေ့ကလည်း ပလရေနက်ဆိပ်ကမ်းမဏ္ဍပ်မှာ အမျိုးသား ၁၀ ဦးရန်ဖြစ်လို့ စစ်ကောင်စီတပ်သားတွေ ဝင်ဖမ်းချိန် ၄ ဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီ ၆ ဦးစလုံးဟာလည်း ရန်ဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဒဏ်ငွေ သိန်းနှစ်ဆယ်ထက်မနည်းပေးပြီး ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ပုလောမြို့နယ်ထဲမှာ ပါဝင်တဲ့ ပုလောမြို့၊ ပလမြို့နဲ့ ပလောက်မြို့တွေမှာ မဏ္ဍပ်တစ်ခုစီရှိပြီး စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ နယ်မြေအချို့မှာတော့ ရေကစားသူအနည်းအကျဉ်းရှိတယ်လို့ သိရပါတယ်။
နှစ်စဉ်သင်္ကြန်မဏ္ဍပ်ဆောက်ပြီး ရေကစားလေ့ရှိတဲ့ပုလောမြို့ပေါ်မှာတော့ ဒီနှစ်မှာ သင်္ကြန်မဏ္ဍပ်မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလောမြို့နယ်မှာ သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်က အရပ်သား ၉ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၆ ဦး လွတ်မြောက်လာကာ ၃ ဦးကတော့ ဒီကနေ့ထိ လွတ်မြောက်လာတာမရှိသေးပါဘူး။
The Tanintharyi Times