ပုလောမြို့နယ်ထဲက စစ်ကောင်စီဂိတ်တွေမှာ ပြည်သူတွေကို စစ်ဆေးတဲ့ပုံစံပြောင်းလာ

ပုလောမြို့နယ်ထဲက စစ်ကောင်စီဂိတ်တွေမှာ ပြည်သူတွေကို စစ်ဆေးတဲ့ပုံစံပြောင်းလာ

ဓာတ်ပုံ- ပုလောမြို့နယ်ထဲက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံဟောင်း)

စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ထဲက စစ်ကောင်စီဂိတ်တွေမှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတဲ့ပုံစံပြောင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာအပါအဝင် ယာဉ်ပေါ်ပါတဲ့ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေက အသေးစိတ်စစ်ဆေးမေးမြန်းပေမဲ့ ပြီးခဲ့တဲ့ ၅ ရက်လောက်က စလို့ အဲဒါတွေကို သိပ်မစစ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” အရင်က ဘယ်ရွာသားလဲ၊ ဘယ်မှာနေလဲက အစစစ်တယ်။ အခုက အရင်လို အသေးစိတ်မစစ်တော့ဘူး။ ဘယ်သွားမှာလဲ။ သွားရလာရ အဆင်ပြေလား။ ဒါပဲစစ်တော့တာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီက ပုံမှန်အထိုင်ချစစ်ဆေးနေတဲ့ စစ်ဆေးရေးဂိတ်တွေဟာ ပလောက်မြို့မှာ ၂ ခု၊ ပုလောမြို့မှာ ၃ ခု၊ ပလမြို့မှာ ၂ ခု အမြဲတမ်း စစ်ဆေးရေးဂိတ် စုစုပေါင်း ၇ ခုရှိပါတယ်။ ပုံမှန်ဆိုရင်တော့ မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ချထားတာပါ။

အဲဒီ အမြဲတမ်းစစ်ဆေးရေးဂိတ် ၇ ခုအပြင် တချို့ ဒေသတွေမှာ စစ်ကောင်စီက ရှောင်တခင် စစ်ဆေးတဲ့ ဂိတ်တွေလည်း ရှိပါတယ်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ “ကျွန်တော် အတိအကျပြောနိုင်တာကတော့ နန်းတောင်ဂိတ် ခင်ဗျ၊ နန်းတောင်ဂိတ်ဆို တစ်ခါတစ်လေ အစောင့်တောင် မရှိပါဘူး။” လို့ အမြဲတမ်းစစ်ဆေးရေးဂိတ် ၇ ခုထဲက ဂိတ်တစ်ခုရဲ့ အခြေနေကို ပြောပြပါတယ်။

ဒါ့အပြင် ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်သား အင်အား ၆၀၀ နီးပါးရှိနေတဲ့အတွက် အခုလို စစ်တပ်က စစ်ဆေးရေးလျော့လာတာဟာ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲအတွင်းပါဝင်နေရလို့မဟုတ်ဘဲ တခြားဗျူဟာ‌တွေကြောင့် ဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး ပုလောမြို့ပေါ်ကလွဲလို့ ပလမြို့နဲ့ ပလောက်မြို့ကို ဓာတ်ဆီသယ်ယူခွင့် ကန့်သတ်ထားသလို စားနပ်ရိက္ခာကိုလည်း နယ်ကျော်သယ်ယူခွင့်မပေးဘဲစစ်ကောင်စီက ဖြတ်တောက်ထားပါတယ်။

The Tanintharyi Times