တနင်္သာရီမှာ နှစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး နေအိမ်သုံးဆယ်ကျော် မီးလောင်ပျက်စီး
တနင်္သာရီမှာ နှစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး နေအိမ်သုံးဆယ်ကျော် မီးလောင်ပျက်စီး

တနင်္သာရီမြို့နယ်က သိန်ခွန်း၊ ထုံမခါနဲ့ ညောင်ပင်ကွင်းရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ်ပတ်အတွင်း နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အဆောင် ၂၀ ထက်မနည်းပျက်စီးခဲ့တာဖြစ်တယ် လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။
အခုလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက သိန်ခွန်းရွာ စာသင်ကျောင်းအနီးက နေအိမ် ၅ ဆောင် ထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
“စကစတပ်တွေက ဘုန်းကြီးကျောင်းအောက်နားမှာရှိနေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက စာသင်ကျောင်းနားကတစ်ဖွဲ့၊ ဘုန်းကြီးကျောင်းအထဲကတစ်ဖွဲ့ဝင်ပစ်တယ်။ စာသင်ကျောင်းနားမှာ ထိတွေ့မှုဖြစ်ပြီးတော့ စစ်တပ်ဘက်က တပ်ဆုတ်ရင်းနဲ့ ရှို့သွားတာ။” လို့ KTLA ထီးဆဲ့မဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်စိုင်းညီ က ပြောပါတယ်။
တနင်္သာရီမြို့နယ်၊ ထုံမခါရွာမှာလည်း စစ်ကောင်စီတပ်သားတွေကနေ အခုလ ၃ ရက်နေ့မှာ နေအိမ် ၆ ဆောင်နဲ့ ၅ ရက်နေ့မှာ နေအိမ် ၉ ဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
“ အခုနောက်ပိုင်း စစ်တပ်က သူတို့စစ်ကြောင်းထိုးတဲ့ရွာတွေမှာ အိမ်တွေကို မီးရှို့ခဲ့တာ၊ အိမ်ဖောက်ထွင်းတာ၊ တွေ့တဲ့အရပ်သားတွေကို ဖမ်းတာတွေ ဆက်တိုက်လုပ်တယ်။ အဓိကကတော့ ရွာသားတွေကို အကြောက်တရားသွင်းပေးတာပါ” လို့ တိုင်းစစ်ဌာနတနင်္သာရီရဲ့ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ဆိုပါတယ်။
ညောင်ပင်ကွင်းအရှေ့ကမ်းရွာမှာလည်း အခုလအတွင်း တော်လှန်ရေးတပ်တွေဘက်က ပစ်ခတ်တဲ့ ဒရုန်းတွေကြောင့် နေအိမ် ၁၁ ဆောင်ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ညောင်ပင်ကွင်းအရှေ့ကမ်းရွာမှာ စစ်ကောင်စီဘက်က တပ်စွဲထားတာဖြစ်ပြီး အဲ့ဒီစစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းဗုံးသီးချတိုက်ခိုက်ရာမှာ နေအိမ်တွေ ပျက်စီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အခုလ ၁၆ ရက်နေ့ကလည်း ညောင်ပင်ကွင်းအရှေ့ကမ်းရွာရဲ့ ရွာဖျားပိုင်းက လူမနေတော့တဲ့ တန်းလျားတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘယ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
သိန်ခွန်းနဲ့ ထုံမခါကရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီး တာတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာလည်း သိန်ခွန်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး နှစ်ပတ်အတွင်း သိန်ခွန်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ငါးရက်ရှိပြီဖြစ်ပါတယ်။ ထုံမခါရွာကိုလည်း နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ညောင်ပင်ကွင်း၊ သိန်ခွန်း၊ ထုံမခါအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေနှစ်ဖက်စစ်ဆိုင်ထားပြီး စစ်ရေးတင်းမာနေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
The Tanintharyi Times