ကဒဲယာယီစခန်းက ဆုတ်ခွါချိန်မှာ အဖွဲ့ဝင်တွေ ကျဆုံးတာ မရှိခဲ့ဘူးလို့ ဒေသတွင်းပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေပြော

ကဒဲယာယီစခန်းက ဆုတ်ခွါချိန်မှာ အဖွဲ့ဝင်တွေ ကျဆုံးတာ မရှိခဲ့ဘူးလို့ ဒေသတွင်းပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေပြော

ပုံစာ - စစ်ကောင်စီဝါဒဖြန့်မီဒီယာ‌တွေမှာတင်ထားတဲ့ သိမ်းဆည်းရမိခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ္စည်းတွေနဲ့ စခန်းမှာ ထိန်းသိမ်းထားတဲ့ အရပ်သားတွေ။

ပုလောမြို့နယ်၊ ကဒဲရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် pdf အလောင်းတွေ တွေ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေ ရေးထားတာ မဟုတ်မှန်ဘူးလို့ ဒေသတွင်းတော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“သူတို့ဘက်က pdf အလောင်း ၅ လောင်းလို့ ဝါဒတွေဖြန့်နေတာလည်း မဟုတ်ပါဘူး။ တစ်ယောက်မှ ထိခိုက်ကျဆုံးမရှိပါဘူး။ ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကဒဲရွာကို စစ်ကောင်စီတပ်က အခုလ ၁၅ ရက်နေ့ညက စစ်ကြောင်းထိုးချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းကို စွန့်ခွါတဲ့အခါ သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေဆိုပြီး ဆိုရှယ်မီဒီယာမှာ ပျံ့နေတဲ့ ပုံတွေကတော့ အမှန်ဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက အတည်ပြုပါတယ်။

“အဲဒါက ယာယီစခန်းသဘောမျိုးပါ။ နေတာ ၃ လလောက်ပဲ ရှိသေးတယ်။ စစ်တပ်က မိန်းလမ်းမပေါ်ကရွာတွေဖြစ်တဲ့ တန်းရှင်း၊ တိုတွေဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးပြပြီး ကဒဲရွာကို တောလမ်းတွေကနေလာပြီး ဝင်တာ။ အငိုက်မိသွားတယ်ပေါ့။ အင်အားလည်းမမျှတော့ ဆုတ်ခဲ့ရတာ“ လို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကဒဲရွာဟာ မိန်းလမ်းမ‌ကနေ လမ်းလျှောက်ဝင်ရင် ၁၀ မိနစ်ခန့်ဝင်ရတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွါချိန်မှာ ကာကွယ်ရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထားသူ ၁၃ ဦးကိုလည်း ထားပစ်ခဲ့ရပါတယ်။

၎င်းတို့ဟာ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ သူတွေ၊ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေအပြင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူ၊ သုံးစွဲနေတဲ့သူဖြစ်လို့အချက်အလက်အချို့ စစ်မေးဖို့အတွက် ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

“သူတို့တင်ထားတဲ့ရုပ်သံတွေမှာလည်း တွေ့မှာပါ။ နှိပ်စက်ဒဏ်ရာတွေ ဘာတွေမရှိပါဘူး။ ကောင်းကောင်းမွန်မွန်ပဲထားတာ။ ထမင်းဆိုလည်းနှပ်မှန်မှန်ကျွေးတယ်။ ဒီထဲမှာ တချို့က တလလောက်ကထိန်းသိမ်းထားတဲ့သူလည်းရှိသလို လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကမှ ရောက်လာတဲ့သူလည်းရှိတယ် ” လို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတွေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

လက်ရှိချိန်မှာတော့ ကဒဲရွာကို စစ်ကောင်စီတပ်သားတွေ နယ်မြေစိုးမိုးထားပြီး နည်းမျိုးစုံနဲ့ အသွင်ယူကင်းလှည့်နေတယ်လို့ သိရပါတယ်။

အခုလ ၂ ရက်နေ့က စပြီး စစ်‌အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ပုလောမြို့နယ်မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။

The Tanintharyi Times