ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်တယ်လို့ စစ်အုပ်စုဆို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်တယ်လို့ စစ်အုပ်စုဆို
မိခင်ရဲ့ ကျန်းမာရေး အခြေအနေသိခွင့်ရဖို့ ကြိုးပမ်းနေတဲ့ သားဖြစ်သူကို ရွေးကောက်ပွဲနဲ့ ချိန်ကိုက်ဝါဒဖြန့် တယ်လို့ စစ်အုပ်စွပ်စွဲ
စစ်အုပ်စုက ဖမ်းဆီး အကျဉ်းချထားတဲ့ လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်တယ်လို့ စစ်တပ်ရဲ့ ဝါဒဖြန့်ချရေး မီဒီယာတွေက တဆင့် ဒီနေ့ မွန်းလွဲ ၂ နာရီကျော်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် က မိခင်ဖြစ်သူရဲ့ သတင်းတွေ အဖြတ်တောက်ခံထားရတာကြောင့် အကျဉ်းထောင်အတွင်းမှာ ကွယ်လွန်ပြီးဖြစ်နိုင်တယ်လို့ ပြောဆိုမှုကို စစ်အုပ်စု က အခုလိုတုန့် ပြန်လာတာဖြစ်ပါတယ်။
စစ်အုပ်စုဟာ အကျဉ်းထောင်အတွင်းက အသက် ၈၀ ကျော်မိခင်ဖြစ်သူနဲ့ တွေ့ခွင့်ရဖို့ (ဒါ့မဟုတ်) ကျန်းမာရေး အခြေအနေသိခွင့်ရဖို့ တောင်းဆိုနေတဲ့ သားဖြစ်သူ ကိုထိန်လင်း ကို ရွေးကောက်ပွဲ နဲ့ အချိန်ကိုက် ဝါဒဖြန့်ချိတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဒါ့အပြင် အဆိုပါ သတင်းကို ရေးသားဖော်ပြကြတဲ့ မီဒီယာတွေကို စစ်အုပ်စုရဲ့ ထုံစံအတိုင်းပြည်ဖျက် မီဒီယာလို့ စွပ်စွဲထားတာကိုလည်းတွေ့ရပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲကို နှောင့်ယှက်လိုကြောင့် အခုလို အချိန်ကိုက် လုပ်ကြံဖြန့်ဝေနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
စစ်အုပ်စု ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်တဲ့ သတင်း အချက်တွေ မကြားသိရတာ အချိန်ကြာမြင့်နေပြီး “ဘယ်သားသမီးမှ မိဘရဲ့သတင်းကို ဖုံးကွယ်ထားတာ မခံသင့်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က သူရဲ့ လူမှု ကွန်ရက်ကတဆင့် ဒီနေ့ မနက်ပိုင်းမှာပဲ ပြောကြားခဲ့ပါတယ်။
ကိုထိန်လင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ကျွန်တော့်အမေဆီက ဘာသတင်းမှ မကြားရတာ အတော်တော့ကြာပါပြီ။ သူ့ကို ဘယ်မှာချုပ်နှောင်ထားလဲ၊ ဘယ်လိုဆက်ဆံလဲ၊ မေမေကောင်းမွန်တဲ့ ဆေးကုသမှု ရရဲ့လား ကျွန်တော်မသိပါဘူး။ ဘယ်သားသမီးမှ မိဘရဲ့သတင်းကို ဖုံးကွယ်ထားတာ မခံသင့်ပါဘူး။” လို့ ရေးသားထားပါတယ်။
စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းအချက်တွေ ပြတ်တောက်နေတာကြောင့် စစ်အုပ်စုလက်ထဲမှာ ကွယ်လွန်သွား မှာကိုစိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း Reuters သတင်းဌာန နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အကျဉ်းထောင်အတွင်းမှာ ကျန်းမာရေး ချို့ယွင်းနေတယ်ဆိုတဲ့ သတင်းတချို့ သာသိရပြီးနှစ်နှစ်နီးပါးကြာ အဆက်အသွယ်ပြတ်တောက်နေတာကြောင့် စစ်အုပ်စု လက်ထဲမှာ ကွယ်လွန်သွားပါက သိခွင့်မရမှာကို စိုးရိမ်ကြောင်း လည်းကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ပြောကြားခဲ့တာပါ။
The Tanintharyi Times
