စစ်အုပ်စု လက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆုံးပါးသွားနိုင်တယ်လို့ သားဖြစ်သူပြော

စစ်အုပ်စု လက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆုံးပါးသွားနိုင်တယ်လို့ သားဖြစ်သူပြော

စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းအချက်တွေ ပြတ်တောက်နေတာကြောင့် စစ်အုပ်စုလက်ထဲမှာ ကွယ်လွန်သွား မှာကိုစိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်ကReuters သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

အကျဉ်းထောင်အတွင်းမှာ ကျန်းမာရေး ချို့ယွင်းနေတယ်ဆိုတဲ့ သတင်းတချို့ သာသိရပြီးနှစ်နှစ်နီးပါးကြာ အဆက်အသွယ်ပြတ်တောက်နေတာကြောင့် စစ်အုပ်စု လက်ထဲမှာ ကွယ်လွန်သွားပါက သိခွင့်မရမှာကို စိုးရိမ်ကြောင်း ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ပြောကြားခဲ့တာပါ။

“ကျွန်တော်သိသလောက်တော့ အမေ ဆုံးတောင် ဆုံးပါးသွားနိုင်ပါတယ်” ဟု က ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ရိုက်တာနဲ့ သီးသန့်အင်တာဗျူးပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းယူချိန်မှာပဲ စစ်အုပ်စုရဲ့ အကျဉ်းချခံထားရတဲ့ မိခင်ဖြစ်သူဟာ နှလုံး၊ အရိုး နဲ့ သွားဖုံးရောဂါတွေ ခံစားနေရဆိုတဲ့ သတင်းတွေသာ တဆင့်စကားနဲ့ ရံဖန်ရံခါကြားသိရကြောင်း ကိုထိန်လင်း ကဆက်ပြောပါတယ်။

“အမေ့မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေပါတယ်။ သူ့ကို ဘယ်သူမှ မတွေ့ရတာ နှစ်နှစ်ကျော်ပါပြီ။ မိသားစုနဲ့တွေ့ရဖို့မပြောနဲ့ ရှေ့နေအဖွဲ့နဲ့တောင် တွေ့ခွင့်မပေးပါဘူး” လို့ တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ ရိုက်တာ သတင်းဌာနနဲ့ အင်တာဗျူးမှာ ကိုထိန်းလင်း (ခ) ကင်မ်အဲရစ်ကပြောကြားခဲ့တာဖြစ်ပါတယ်။

ယခုနှစ်နှောင်းပိုင်းမှာ စစ်အုပ်စု က ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပြီး ဟန်ပြရွေးကောက်ပွဲကို နိုင်ငံတကာ လက်ခံဖို့ မိခင်ဖြစ်သူကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်တယ်လို့လည်း သူကပြောပါတယ်။

“အမေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ သူ့အစီအစဉ်နဲ့သူ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့များ ရွေးကောက်ပွဲ မတိုင်ခင် (သို့မဟုတ်) ရွေးကောက်ပွဲအပြီးမှာ ပြည်သူလူထုကို နှစ်သိမ့်ဖို့အတွက် အမေ့ကို ပြန်လွှတ်ပေးတာမျိုး၊ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ် ပြောင်းပေးတာမျိုး လုပ်ပေးမယ်ဆိုရင်တော့ အနည်းဆုံး အတိုင်းအတာတစ်ခုထိ သက်သာလိမ့်မယ်ထင်တယ်” လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ အရပ်ရပ်နဲ့ပတ်သက်လို့ ရိုက်တာ သတင်းဌာနက စစ်အုပ်စုပြောရေး ဆိုခွင့် ရှိသူတွေထံ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ နိုင်ငံတကာ တုံ့ပြန်မှုတွေကလည်း ယခင် အခြေအနေတွေနဲ့ မတူဘူးလို့လည်း ကိုထိန်းလင်း (ခ) ကင်မ်အဲရစ် ကပြောပါတယ်။

“အရင်တုန်းက နိုင်ငံတကာ အသိုင်းအဝိုင်းက အမေ့ကို အထင်ကြီး လေးစားမှု မြင့်မားခဲ့ချိန်တုန်းကဆိုရင် မြန်မာမှာ ဖြစ်ပျက်နေတာတွေကို လျစ်လျူရှုဖို့ ခက်ခဲခဲ့ကြပါတယ်။ ဒါပေမယ့် ရခိုင်အရေးကြောင့် အမေ့ရဲ့ ရပ်တည်ချက် ထိခိုက်ခဲ့ရပြီးနောက်ပိုင်း အခြေအနေက အရင်လို မဟုတ်တော့ပါဘူး” လို့ သူကပြော ကြားခဲ့တာပါ။

စစ်တပ်က ကျဉ်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိသလို မြန်မာပြည်သူတွေရဲ့ လွှတ်မြောက်မှု အတွက်လည်း အလှမ်းဝေးနေသေးသော်လည်း မိခင်ဖြစ်သူ လွှတ်မြောက်ဖို့ အတွက်တော့ လမ်းစ အနည်းငယ်မျှရှိကောင်းရှိနိုင်တယ်လို့ သူကပြောပါတယ်။

အခုလို မိခင်ဖြစ်သူ လွှတ်မြောက်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ကိုထိန်းလင်း (ခ) ကင်မ်အဲရစ် အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုရှုမြင်နိုင်သလဲလို့ ရိုက်တာ သတင်းဌာန ကမေးမြန်းရာမှာတော့ “ကျွန်တော် ဒီလိုတွေ လိုက်လုပ်နေရတဲ့အတွက် အမေ အရမ်း ဝမ်းနည်းနေမယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို ဒီကိစ္စတွေထဲ မပါဝင်စေချင်ခဲ့ပါဘူး။ ဒါပေမယ့် လောလောဆယ် ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပါဘူး။ ကျွန်တော်က သူ့သားလေ။ ကျွန်တော်မှ မလုပ်ရင် တခြားဘယ်သူ လုပ်ပေးမယ်လို့ မျှော်လင့်နေရမှာလဲ” လို့ ဖြေကြားခဲ့ပါတယ်။

ကိုးကား – ရိုက်တာ

Connect Burma

The Tanintharyi Times