တော်လှန်ခရီးနီးဖို့ “ဘူး” သပိတ်မှာ ပါဝင်ဆင်နွှဲကြပါစို့
တော်လှန်ခရီးနီးဖို့ “ဘူး” သပိတ်မှာ ပါဝင်ဆင်နွှဲကြပါစို့
နွေဦးတော်လှန်ရေးကြီးကို စုပေါင်းဆင်နွှဲနေကြတဲ့ ပြည်သူ့အောင်ပွဲဟာ အားတက်စရာ ရောင်နီသန်းလာတဲ့သတင်းတွေ ခပ်စိပ်စိပ် ကြားလာရပါတယ်။ အောင်ပွဲတွေ တစ်ခုပြီးတစ်ခု ပန်ဆင်ခွင့်ရလာတယ် ဆိုပေမယ့် အပြီးသတ် အောင်ပွဲကြီးရောက်ဖို့အတွက် ဆက်လက်ပြီး အစွမ်းကုန်ကြိုးစားကြရဦးမှာပါ။
အကြမ်းဖက်စစ်တပ်ကို ဖြိုလှဲတွန်းလှန်ကြရာမှာ လက်နက်ကိုင်တော်လှန်ရေးတစ်ခုတည်း မဟုတ်ပဲ စစ်မျက်နှာစာအမျိုးမျိုးဖွင့်ပြီး ပြည်သူတစ်ရပ်လုံးက တော်လှန်နေကြပါတယ်။ ဘက်စုံထောင့်စုံက မျက်ခြေမပြတ် အာခံတော်လှန်နေမှ မိစ္ဆာတပ်ကြီး အင်အားချည့်နဲ့သထက် ချည့်နဲ့လာပြီး အဆုံးမှာ ပြိုလဲပျက်စီးသွားပါလိမ့်မယ်။
စစ်အာဏာရှင်တစ်စုဟာ ပြည်သူတွေပိုင်တဲ့ တိုင်းပြည်သယံဇာတတွေကို ခိုးယူထားတဲ့ ငွေကြေးနဲ့ ပြည်သူတွေကို ပြန်ပြီး ဒုက္ခပေးနေခဲ့တာ နှစ်ပေါင်းကြာလှပါပြီ။ ပြည်သူတွေရဲ့ ညှပ်ရိုးကို ခပ်နာနာနင်းပြီး ကုပ်သွေးစုပ်ထားတဲ့ ဘဏ္ဍာငွေတွေနဲ့ လူသတ်လက်နက်ဝယ်တယ်။ ခိုးယူထားတဲ့ တိုင်းပြည်ဘဏ္ဍာတွေကို အရင်းတည်ပြီး စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ကာ အခွင့်ထူးခံ စည်းစိမ်ယစ်နေကြတယ်။
ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို အာဏာရှင်နဲ့ အပေါင်းပါတစ်စုကပဲ လက်ဝါးကြီးအုပ် ထင်တိုင်းခြယ်လှယ်ခဲ့ကြတယ်။ တိုင်းပြည်သယံဇာတတွေကို မောင်ပိုင်စီးထားကြပြီး သူတို့အာဏာ ဆက်လက်ခြေကုပ်မြဲဖို့၊ သူတို့စည်းစိမ် တိုးသထက်တိုးဖို့ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်ကာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပြန်တယ်။ နိုင်ငံတဝန်းလုံးမှာ စစ်တပ်ပိုင် လုပ်ငန်းတွေ၊ စစ်တပ်နဲ့ အလွမ်းသင့်တဲ့ ခရိုနီတွေပိုင်တဲ့ လုပ်ငန်းတွေက ဘယ်နေရာဖြစ်ဖြစ် လက်ညှိုးထိုးမလွဲပါပဲ။
မြေပေါ်မြေအောက်ကထွက်တဲ့ သယံဇာတ ရောင်းဝယ်မှုလုပ်ငန်း၊ ဘဏ်နဲ့ ငွေကြေးဆိုင်ရာလုပ်ငန်း၊ စားသောက်ကုန်၊ စက်ရုံ အလုပ်ရုံ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းမျိုးစုံ၊ ကုန်သွယ်ရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ အလှအပဆိုင်ရာ ထုတ်ကုန် စတဲ့ မရေမတွက်နိုင်တဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ခြေကုပ်ယူထားကြတယ်။
၂၀၂၁ အာဏာမသိမ်းမီကတော့ ပြည်သူအတော်များများဟာ စစ်တပ်ထုတ်ကုန်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လွယ်လင့်တကူ ရရှိနိုင်မယ့်အရာကိုပဲ ဝယ်ယူသုံးစွဲခဲ့ကြတာက အများသားပါ။ စစ်တပ်နဲ့ သူတို့အပေါင်းပါတွေရဲ့ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို သတိမမူမိဘဲ အမှုမဲ့ အမှတ်မဲ့ သုံးစွဲမိခဲ့ကြတယ်။
အရင်ကာလတုန်းက စစ်တပ်ရဲ့ ယုတ်မာကောက်ကျစ်မှုတွေကို ပြည်သူတွေ မမြင်နိုင်အောင် စစ်အာဏာရှင်နဲ့ သူတို့လက်ပါးစေတွေက အမျိုးမျိုးဝါဒဖြန့် ပြည်သူတွေကို ဦးနှောက်မှိုင်း တိုက်ခဲ့ကြတယ် မဟုတ်လား။ နားလည်သိတတ်သူတွေက ဖက်ဆစ်စစ်တပ်ပါလို့ သတိပေးနေပေမယ့် ဝါဒဖြန့်ပုံမှားရိုက်မှုတွေကြောင့် လက်မခံနိုင်တဲ့ ပြည်သူအတော်များများရှိခဲ့တယ်။
ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်တွေဟာ သူတို့ရဲ ဘီလူးသရုပ်ကို မဖုံးဖိနိုင်ကြတော့ဘူး။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပမ်းတာတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာခဲ့တယ်။ လူရာနဲ့ချီ သေဆုံးရတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို အခုချိန်အထိ ဆိုးဆိုးရွားရွား လုပ်ဆောင်နေဆဲပါပဲ။
ဒီလို ဖက်ဆစ်စစ်တပ်မျိုးကို အမြစ်ဖြတ်ချေမှုန်းရုံကလွဲပြီး တခြားနည်းလမ်းမရှိတော့ပါဘူး။ အကြမ်းဖက်စစ်တပ်ကို ဘက်စုံထောင့်စုံ တွန်းလှန်ဖြိုဖျက်ကြရာမှာ ပြည်သူလူထုတွေဟာ ဘေးမှာထိုင်နေတဲ့ ပွဲကြည့်ပရိသတ်မျှ မဟုတ်ဘူး။ ကျရာကဏ္ဍတစ်ခုခုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲကြရသူတွေသာ ဖြစ်တယ်။ လက်နက်ကိုင် တော်လှန်ရေး စစ်မျက်နှာစာမှာ မပါဝင်နိုင်တဲ့ ပြည်သူတွေအတွက် တခြားစစ်မျက်နှာစာတွေမှာ ပါဝင်တော်လှန်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။
သာမန်ကြည့်ရင် အရေးမကြီးလောက်ဘူး ထင်ရပေမယ့် အရေးကြီးဆုံး စစ်မျက်နှာစာတစ်ခုကတော့ ဘဏ္ဍာရေးနဲ့ စီးပွားရေး တိုက်ပွဲမျက်နှာစာပါပဲ။
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီပဲ ဖက်ဆစ်စစ်တပ်ဆီ စီးဝင်နိုင်တဲ့ ဝင်ငွေလမ်းကြောင်းအားလုံးကို ပြည်သူတွေက ဝိုင်းဝန်းဖြတ်တောက်ကြရမှာပါ။
ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်တဲ့နေရာမှာ “ဘူးသပိတ်” လို့ဆိုတဲ့ သပိတ်တိုက်ပွဲကိုတော့ ဘယ်သူမဆို လုပ်ဆောင်နိုင်ကြမယ် ထင်ပါတယ်။ စစ်တပ်ပိုင် စစ်တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူသုံးကုန်စည်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူတစ်ရပ်လုံးက လုံးဝ မပတ်သက်ဘူး၊ မရောင်းချဘူး၊ မဝယ်ယူဘူး၊ အားမပေးဘူး၊ မသုံးစွဲဘူး ဆိုတဲ့ “ဘူးသပိတ်” တိုက်ပွဲ စစ်မျက်နှာစာပါ။
“မဝယ်နဲ့ … မရောင်းနဲ့ … မသုံးနဲ့” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ “ဘူးသပိတ်” မှာ လူတိုင်း ပါဝင်ဆင်နွှဲကြဖို့ အရေးကြီးပါတယ်။
သပိတ်မှောက်ရမယ့် စစ်တပ်ထုတ်ကုန်စာရင်းကို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ ဗြိတိန်က အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK က ထုတ်ပြန်ပေးထားပါတယ်။
မြန်မာစစ်တပ်ပိုင်၊ စစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ ကုမ္ပဏီပေါင်း ၃၀ ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတို့အပြင် စစ်တပ်ပိုင်လုပ်ငန်းပေါင်း ၁၅၁ ခု ကို သပိတ်မှောက်ကြဖို့ အဲဒီအဖွဲ့က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရမှာပါ။ အဲဒီလုပ်ငန်းတွေက အကြမ်းဖက်စစ်တပ်အတွက် အရေးပါသလို နိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အမြဲပါဝင်လွှမ်းမိုးထားခဲ့တာ ကြာပါပြီ။
ပြည်သူတွေနဲ့ အနီးကပ်ဆုံး လူသုံးကုန်တွေဖြစ်တဲ့ မြန်မာဘီယာအပါအဝင် အရက်ဘီယာ စီးကရက် ကုန်ပစ္စည်း အမှတ်တံဆိပ် ၈ မျိုး၊ အောင်ဘာလေထီ၊ နန်းမြိုင် လီမွန်တီး ရွှေဖီဦး စတဲ့ ကော်ဖီ လက်ဖက်ရည်၊ ပုသိမ်သူ သန်မြန်သူ ရှမ်းမလေး ယာဉ်လိုင်း စတာတွေကို နာမည်နဲ့တကွ သပိတ်မှောက်စာရင်း အဖြစ် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တခြားသပိတ်မှောက်ရမယ့် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း မီဒီယာစာမျက်နှာတွေမှာ ဖော်ပြထားပါသေးတယ်။
ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်မယ့် ဘဏ္ဍာရေး စစ်မျက်နှာစာ တိုက်ပွဲမှာ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ အရေးကြီးပါတယ်။ ဒီတိုက်ပွဲဟာ နှလုံးရည်နဲ့တိုက်တဲ့ လူထုတိုက်ပွဲတစ်ခုဖြစ်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်မှု အားကောင်းလေလေ အောင်မြင်မှုရလေလေမို့ အလွန်အရေးကြီးတဲ့ တိုက်ပွဲမျက်နှာစာတစ်ခုဖြစ်တယ်။
စစ်တပ်ထုတ်ကုန်တွေကို လွယ်လွယ်လေးနဲ့ ရလို့ ဝယ်ယူသုံးစွဲမိတယ်ဆိုရင် အပြစ်မဲ့ သတ်ဖြတ်ခံထားရတဲ့ ကိုယ့်ညီနောင်သားချင်းတွေရဲ့ ရုပ်အလောင်းကို ပြန်လည်မြင်ယောင်ကြည့်လိုက်ပါ။ ကိုယ့်လက်ထဲက ပိုက်ဆံနဲ့ လူသတ်လက်နက်ဝယ်ဖို့အတွက် တနည်းတဖုံ အထောက်အပံ့ပေးမိတယ်ဆိုတာကို လေးလေးနက်နက် သတိထားစေချင်ပါတယ်။
ကိုယ့်အသက်ကို ပြန်သတ်မယ့် အဖွဲ့အစည်းရဲ့ ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲမိတာဟာ “သူခိုးဓါးရိုးကမ်း” မိတဲ့ အဖြစ်မျိုးဆိုတာ မမေ့သင့်ပါဘူး။
ကိုယ့်ရဲ့ ဆင်ခြင်စဉ်းစားဉာဏ်အားနည်းမှုကြောင့် မကောင်းမှုပြုသူတွေကို အားပေးထောက်ပံ့မိလျက်သား ဖြစ်သွားတာမျိုး မဖြစ်အောင် သတိကြီးကြီးထားဖို့ လိုပါတယ်။ မကောင်းဘူးလို့ ယူဆတဲ့ဘက်ကနေ ပြတ်ပြတ်သားသား ရှောင်ကြဉ်တဲ့နေရာမှာ အတုယူသင့်တဲ့ အဖြစ်အပျက်လေးတစ်ခုကို ဒီနေရာမှာ မျှဝေပါရစေ။
ဆရာတော် ဦးဇောတိက ရေးသားထားတဲ့ စာအုပ်မှာ ဖတ်မိတဲ့ အမေရိကန်နိုင်ငံသား၊ လူဖြူတစ်ယောက်ရဲ့အကြောင်းပါ။ အဲဒီလူက သံမဏိအရည်ကြိုတဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေပေမယ့် ဒီသံမဏိတွေ ဘယ်ကိုသွားတယ်ဆိုတာ အစက သူမစဉ်းစားမိပါဘူး။
တစ်နေ့မှာ သူတို့စက်ရုံကထုတ်တဲ့ သံမဏိတွေဟာ သေနတ်စက်ရုံဆီ ရောက်သွားတယ်ဆိုတာ သူသိလိုက်ရတယ်။ သူ့လုပ်အားဟာ လူသတ်လက်နက်ပြုလုပ်တဲ့နေရာမှာ တစိတ်တပိုင်း ပါဝင်နေတာပါလားလို့ တွေးမိတာနဲ့ ဝင်ငွေကောင်းတဲ့ အဲဒီအလုပ်ကနေ ချက်ချင်းပဲ ထွက်လိုက်တယ်တဲ့။
လက်နက်ဖြစ်တိုင်း မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သေနတ်ကိုင်ထားသူတိုင်း မကောင်းမှုကျူးလွန်သူတွေ မဟုတ်ကြပါဘူး။ ဒီဇာတ်လမ်းမှာ သေနတ်စက်ရုံဖြစ်နေလို့ သူအလုပ်ထွက်သွားတယ် ဆိုတာထက် သူ့ဘဝအတွက် လုပ်သင့် မလုပ်သင့်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့ သူ့ရဲ့ပြတ်သားမှုကို လေးစားအားကျမိရိုးအမှန်ပါ။
ကျွန်မတို့ဘဝမှာ မလုပ်သင့်ဘူးလို့ ကိုယ်ရွေးချယ်ဆုံးဖြတ်ထားတဲ့ အရာတွေအတွက် အခက်အခဲ ဘယ်လောက်ကြုံကြုံ ပြတ်ပြတ်သားသား ကျောခိုင်းရဲဖို့တော့ လိုပါတယ်။ စစ်အာဏာရှင်စနစ်ကိုတော့ အမြစ်ပြတ်စေချင်တယ်။ စစ်အာဏာရှင်စနစ် အသက်ဆက်ဖို့အတွက် အကျိုးအမြတ် ဖြစ်စေတဲ့ လုပ်ရပ်မျိုးကို ကိုယ်ကလုပ်ပေးမိလျက်သား ဖြစ်နေသလား။ သေသေချာချာ စဉ်းစားဖို့ လိုပါတယ်။
တကယ်လို့ စစ်တပ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို လွယ်လွယ်ကူကူနဲ့ရလို့ သုံးစွဲနေမိသေးတယ်ဆိုရင် ဒီကိန်းဂဏန်းတွေကို ပြန်ပြောင်းသတိရစေချင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စစ်တမ်းအရ စစ်တပ်က မတရား အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ အောက်တိုဘာလ ၁၉ ရက်နေ့အထိ အကြမ်းဖက် စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် ပြည်သူငါးထောင်နီးပါး သေဆုံးခဲ့ရပါတယ်။ မတရား ဖမ်းဆီးခံရတဲ့ ပြည်သူ နှစ်သောင်းခွဲကျော်ရှိပြီး၊ အဲဒီအထဲက ပြည်သူနှစ်သောင်းနီးပါးဟာ အခုအချိန်ထိ အထိန်းသိမ်း ခံထားရဆဲပါ။
အဲဒီအချက်အလက် ကိန်းဂဏန်းတွေဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူစုဆောင်းထားတဲ့ အရေအတွက်တွေဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေက အခုထက် ပိုမိုများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ဩဂုတ်လ ၁၄ ရက်နေ့အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည် (၂) သန်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းက ဖော်ပြထားပါသေးတယ်။

ဒီလို စစ်ရာဇဝတ်မှုအကြီးစား ကျူးလွန်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို အမြစ်ပြတ်ချေမှုန်းကြရုံမှတပါး တခြားမရှိပါဘူး။ အခုဆို တော်လှန်ရေးအရှိန်အဟုန် အားကောင်းလာတာနဲ့အမျှ ဖက်ဆစ်တပ်ဟာ ပြိုလဲဖို့အချိန်နီးလာနေပါပြီ။
တနေ့တခြား အင်အားချည့်နဲ့လာနေတဲ့ မိစ္ဆာတပ်ကို ဓမ္မဘက်တော်သားတွေက စစ်မျက်နှာစာပေါင်းစုံဖွင့်ပြီး အပြီးသတ်အောင်ပွဲရတဲ့အထိ ဝိုင်းဝန်းကြိုးစားကြရအောင်ပါ။ ပြည်သူတွေအနေနဲ့ တခြားစစ်မျက်နှာစာမှာ ပါဝင်ဖို့ အခွင့်အရေး မရရင်တောင် “ဘူး” သပိတ်မှာ တက်ညီလက်ညီ ပါဝင်ဆင်နွှဲကြပါစို့လို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
