အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီ တက်ရောက်ခွင့်မရ

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီ တက်ရောက်ခွင့်မရ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ မနေ့က ကျင်းပတဲ့ ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ကို မြန်မာစစ်အုပ်စု တက်ရောက်ခွင့် မရခဲ့ဘူးလို့ အင်ဒိုနီးရှား အခြေစိုက် Antaran News က ဖော်ပြပါတယ်။

မြန်မာမပါတဲ့ အာဆီယံ ၉ နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့ အရှေ့တီမောနိုင်ငံက လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

ADMM အစည်းအဝေးမှာတော့ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း ကာကွယ်ရေးဝန်ကြီးတွေက ထပ်လောင်းပြောခဲ့သလို မြန်မာနိုင်ငံဟာ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မတည်ငြိမ်ရေးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောဆိုခဲ့ကြောင်း အင်ဒိုနီးရှား သတင်းမှာ ရေးသားထားပါတယ်။

ADMM ဥက္ကဌ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးကတော့ “ အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်က ပြတ်သားခိုင်မာပါတယ်။ ရန်လိုမှုတွေရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီအတွက် စင်္ကြန်တွေ ချက်ချင်းတည်ဆောက်ဖို့ တွန်းအားပေး တောင်းဆိုတယ် “ လို့ အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်။

ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မကျင်းပမီ ရက်ပိုင်းမှာပဲ မြန်မာတော်လှန်ရေး အင်အားစုအဖွဲ့ပေါင်း ၈၀ တို့ဟာ ADMM နဲ့ ADMM-Plus အစည်းအဝေးတွေကနေ စစ်အုပ်စု အဖွဲ့ဝင်တွေကို ဖယ်ရှားဖို့ အပါအဝင် အချက် ၃ ချက်ကို အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

အိတ်ဖွင့်ပေးစာ ပေးပို့တဲ့ အဖွဲ့အစည်းတွေထဲက Defend Myanmar Democracy၊ အဖွဲ့ဝင် နော်အောင်ကတော့ “ စစ်အုပ်စုက ADMM မှာ ပါနေတာ အားလုံးကို ဖယ်ထုတ်ဖို့ပါ။ ကျန်တဲ့ လုပ်ဆောင်ချက်တွေမှာ မဖယ်ရင်တောင်မှ အခုလို လူသတ်နေတာကို ရပ်တန့်ဖို့အတွက် ADMM မှာ စစ်အုပ်စုပါနေတာ အားလုံးကို ဖယ်ထုတ်ဖို့ လိုတယ် “ လို့ တနင်္သာရီတိုင်းမ်ကို ပြောခဲ့ပါတယ်။

အာဆီယံကာကွယ်ရေး အစည်းအဝေးရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေထဲမှာ ကြည်းတပ်တွေ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှု၊ လေ့ကျင့်မှု၊ သတင်းအချက်အလက် ထောက်လှမ်းရေး၊ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ လေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စတာတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

မြန်မာတော်လှန်‌ရေးအင်အားစုတွေဘက်က အာဆီယံကာကွယ်ရေး ကဏ္ဍမှာ စစ်ကောင်စီက ပေါင်းစပ်လေ့ကျင့်ခွင့်ရသွားခဲ့ရင် မြန်မာပြည်သူတွေအတွက် အန္တရာယ်ပိုများစေတယ်လို့ ထောက်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ မနှစ်က ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် ADMM အစည်းအဝေးမှာတော့ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နေပြည်တော်မှာ အာဆီယံလေတပ် အစည်းအဝေးကို စစ်ကောင်စီက ဦးဆောင်ကျင်းပခွင့် ရခဲ့ပေမယ့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်း စတဲ့ ၅ နိုင်ငံသာ တက်ရောက်ခဲ့ပါတယ်။

The Tanintharyi Times