ပုလောမြို့နယ် ကြဲရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်
ပုလောမြို့နယ် ကြဲရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ပုလောမြို့နယ်ကြဲရွာမှာတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဒီနေ့ နေ့လည် ၁၂ နာရီခန့်က ကြဲရွာနဲ့အနီတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးပေါက်ကွဲသံခြောက်ကြိမ်လောက်ကြားလိုက်တယ်။ ကျနော်တို့ ပုလောဘက်ကတောင်လာကြားတာ တော်တော်ကြမ်းတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
အခုလ ၁၄ ရက်နေ့ကတည်းက စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၁၇)ကနေထွက်လာတဲ့ အင်အား ၂၀၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ကြဲကျေးရွာအုပ်စု အနီးတဝိုက်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေကြား ပစ်ခတ်မှုတွေရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာလို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
ခလရ (၁၇)ကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ မီးလောင်ချောင်းရွာမှာ တစ်ရက်စခန်းချခဲ့ပြီး အဲဒီအတောအတွင်း ကြဲရွာဘက်ကို လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်နေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလ ၁၅ ရက်နေ့ညမှာတော့ မီးလောင်ချောင်းရွာမှာရှိနေတဲ့ စစ်ကောာင်စီစစ်ကြောင်းဟာ ကြဲရွာဘုန်းကြီးကျောင်းမှာ တပ်စွဲအထိုင်ချနေပြီလို့ သိရပါတယ်။
“စစ်ကြောင်းသွာလို့ရအောင် လုံခြုံရေးယူပေးတာထင်တယ်။ လက်နက်ကြီးနဲ့အရင်ပစ်တာ ပြီးမှ ဒရုန်းနဲ့ ဗုံးသီးတွေဆက်တိုက်ချတယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားတဲ့လမ်းကြောင်းတလျှောက်မှာလည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေတောက်လျှောက်ရှိခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ကြဲကျေးရွာအုပ်စုထဲက မီလောင်ချောင်း၊ ကြဲ၊ စက်တော်ရာရွာတွေက အရပ်သား တစ်ထောင်ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းဘက်ကတော့ ပြည်သူတွေအနေနဲ့ မြိတ်-ပုလော-ထားဝယ် လမ်းပိုင်းကို အသုံးပြုပြီးမသွားလာဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
ကြဲကျေးရွာအုပ်စုမှာ စစ်ရေးတင်းမာနေတဲ့အချိန်မှာပဲ ပလမြို့ကိုလည်း စစ်ကောင်စီတပ်သားတွေ မနေ့ညက ရေလမ်းကဝင်ပြီး အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သုံးရက်ခန့်ကလည်း ခန္တီကျေးရွာအုပ်စုထဲကို စစ်ကောင်စီစစ်ကြောင်းဝင်ပြီး အရပ်သားတွေကို ဖမ်းဆီးတာရှိခဲ့သလို အိမ်တွေကို မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။
The Tanintharyi Times