တောကြီးမြွေဟောက်တပ်ဖွဲ့ရဲ့စစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးဖို့ ဒေသခံတွေတောင်းဆို
တောကြီးမြွေဟောက်တပ်ဖွဲ့ရဲ့စစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးဖို့ ဒေသခံတွေတောင်းဆို

ပုလော – မြိတ်ကားလမ်းပေါ်မှာရှိတဲ့ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာက တောကြီးမြွေဟောက်တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးဖို့တောင်းဆိုကြောင်း ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေက ပြောပါတယ်။
အဲ့ဒီဂိတ်မှာ ၁၂ ဘီးတပ်ကုန်ကားတစ်စီးကို ၆၀၀,၀၀၀ ကျပ်၊ ခရီးသည်တင်ကားတစ်စီးကို ၁၀၀,၀၀၀ကျပ်၊ ခရီးသည်တစ်ဦးကို နှစ်ထောင်ကျပ်နှုန်းနဲ့ ငွေကောက်ခံနေတယ်လို့ ယာဉ်မောင်းတွေ နဲ့ ခရီးသည်တွေကဆိုပါတယ်။
လမ်းသွားလမ်းလာယာဉ်တွေ နဲ့ ခရီးသည်တွေကို စစ်ဆေးတဲ့အချိန်မှာလည်း ဆဲဆိုကြိမ်းမောင်းတာ၊ ကား၊ ဆိုင်ကယ်ပေါ်ကနေ ဆွဲချပြီး စစ်မေးတာ၊ အရက်မူးပြီး ကားသမားတွေကိုရိုက်တာတွေကြောင့် အဲဒီဂိတ်ကို ဖြုတ်ချပေးဖို့တောင်းဆိုရတယ်လို့ လမ်းသွားလမ်းလာတွေက ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်လခန့်ကလည်း အဲဒီဂိတ်ကနေ အောင်စစ်ခိုင်မှန်လုံကားမှာ တင်လာတဲ့ ဆိုင်ကယ်နှစ်စီး ရွှေမြင်းပျံ မှန်လုံကားမှာပါလာတဲ့ ကြက်သွန်နီနှစ်အိတ်၊ အားကစားပစ္စည်းတွေကို သိမ်းယူခဲ့တာ၊ လမ်းသွားလမ်းလာတွေဆီကနေ ဆန်အိတ်အပါအဝင် စားသောက်ကုန်တချို့ကို ဆွဲချယူခဲ့တာတွေရှိတယ်လို့လည်း မျက်မြင်တွေ့ခဲ့ရတဲ့ လမ်းသွားလမ်းလာတွေက ပြောပါတယ်။
“ပြည်သူအတွက်ဆိုပြီး ဂိတ်ဖွင့်ပိုက်ဆံကောက်နေတာက ကျနော်တို့အတွက် ဘာအကျိုးခံစားခွင့်မှမရှိဘူး။ အဲဒါအပြင်ကိုမှ ကျနော်တို့ဘက်ကို သေနတ်ပြောင်းဝလှည့်ပြီး ဆဲဆိုကြိမ်းမောင်း စစ်တပ်စရိုက်နဲ့တူလာတာက လုံးဝလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။” အဲ့ဒီစစ်ဆေးရေးဂိတ်မှာ အရိုက်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း တော်လှန်ရေးအတွက်လုပ်တဲ့ ဂိတ်ဆိုရင် စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုတွေနဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေကို သာစစ်ဆေးစောင့်ကြည့်သင့်ပြီး ငွေကြေးကောက်ခံတာ မလုပ်သင့်ဘူး လို့ ပြောပါတယ်။
တောကြီးမြွေဟောက်တပ်ဖွဲ့ဘက်ကတော့ ၂၂ ဘီးကားတစ်စီးကို ၃၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်၊ ၁၂ ဘီးကားတစ်စီးကို ၃၀,၀၀၀ ကျပ်၊ ခြောက်ဘီးကားတစ်စီးကို ၁၀,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်အထိ ကားပေါ်မှာပါလာတဲ့ ကုန်ပစ္စည်းတွေပေါ်မူတည်ပြီး သတ်မှတ်ကောက်ခံနေတာဖြစ်ပြီး အဲဒီပမာဏတွေထက် ပိုကောက်တာတော့မရှိဘူးလို့ ပြောပါတယ်။
လမ်းသွားလမ်းလာတွေကို သူတို့စီးလာတဲ့ယာဉ်ပေါ်ကဆွဲချပြီး စစ်ဆေးမေးမြန်းတာဟာလည်း စစ်ကောင်စီတပ် ဒါမှမဟုတ် ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆက်နွှယ်နေတဲ့သူတွေကိုသာ အဲလိုလုပ်တာလို့ ဆိုပါတယ်။
“စစ်တပ်နဲ့ဘယ်လိုပတ်သက်နေတယ် ခရိုနီနဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာကို ကျနော်တို့ကကြိုလိုက်ထားတယ်။ သတင်းအချက်အလက်တိကျပြီဆိုတဲ့သူကိုပဲ ကျနော်တို့က ဆွဲချပြီး စစ်ဆေးတာတွေလုပ်တာ။ ကုန်ကားတွေလည်း အဲလိုပဲ။” လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။
တောကြီးမြွေဟောက်တပ်ဖွဲ့ဟာ KNDO တပ်ရင်း(၇)လက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့အတွက် ဂိတ်ဖြုတ်သိမ်းတာ၊ မဖြုတ်သိမ်းတာကတော့ KNDO တပ်ရင်း(၇) တပ်ရင်းမှူး ဗိုလ်မှူးကြီးကျော်ထွန်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ရဲ့ တာဝန်ခံက ဆိုပါတယ်။
ပဝတ်ကုန်းရွာက စစ်ဆေးရေးဂိတ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ စပြီးဖွင့်ထားတာလို့ တောကြီးမြွေဟောက်တပ်ဖွဲ့ဆီက သိရပါတယ်။
ပုလော-မြိတ်ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်တွေ ၁၅ ဂိတ်ခန့်ရှိပါတယ်။
The Tanintharyi Times