မေတ္တာမြို့မှာ တိုက်ပွဲ ၆ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲ

မေတ္တာမြို့မှာ တိုက်ပွဲ ၆ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲ

ပုံစာ - တပ်ရင်းမှူး စောမှူးဂေနဲ့ KNLA တပ်ဖွဲ့ဝင်တွေ။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများနေ

ထားဝယ်မြို့နယ်၊ မေတ္တာမြို့တစ်ဝိုက်မှာ ရက်သတ္တပတ် တစ်ပတ်နီးပါးအကြာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ရဲ့ တပ်ရင်းမှူး စောမှူးဂေက ပြောပါတယ်။

မေတ္တာမြို့ဟာ ထားဝယ်မြို့နဲ့ ထိုင်းနိုင်ငံနယ်စပ်ထီးခီးကိုဆက်သွယ်ထားတဲ့လမ်းမပေါ်မှာရှိပြီး ထားဝယ်မြို့နဲ့ မိုင် ၃၀ ကျော်အကွာအဝေးမှာ တည်ရှိပါတယ်။

အခုလ ၁၀ ရက်နေ့ကစလို့ မနေ့ကညနေပိုင်းအထိ မေတ္တာ ဗျူဟာကုန်းကိုအင်အားဖြည့်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူး‌ပေါင်းတပ်တွေအကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများပြားနေတယ်လို့ KNLA ပူးတွဲတပ်ရင်းမှူး စောမှူးဂေက‌ပြောပါတယ်။

မနေ့ကလည်း မေတ္တာမြို့တဝိုက်မှာ တနေကုန်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်သုံးဦးနဲ့ တပ်သားနှစ်ဦးသေဆုံးပြီး ဗိုလ်ကြီး တစ်ဦးအပါအဝင် ၂၀ ဦးဝန်းကျင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ KNLA တပ်ရင်း ၁၂ (တပ်မဟာ ၄) နဲ့ တပ်ရင်း ၂၇ (တပ်မဟာ ၆) တို့ရဲ့ ပူးတွဲတပ်ရင်းမှူး စောမှူးဂေက ဆိုပါတယ်။

“တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေတယ်။ ကြားထဲမှာ ထိခိုက်မှုစုံစမ်းလို့မရတာတွေရှိပါတယ်။ မနေ့က သေဆုံးမှု အခြေအနေကိုတော့ အတိအကျသိရတယ်။ သူတို့လက်နက်တွေလည်းကျနော်တို့ကောက်ထားတာရှိတယ်။ ” လို့ စောမှူး‌‌ဂေက ပြောပါတယ်။

တနင်္သာရီတိုင်းမ်က ရရှိထားတဲ့ဓာတ်ပုံတွေမှာလည်း သေဆုံးနေတဲ့ စစ်​​ကောင်စီတပ်သားအလောင်း ငါးလောင်းဝန်းကျင်တွေ့ရပါတယ်။

အခုလ ၁၀ ရက်နေ့ကတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဆယ်ဦးခန့်သေဆုံးပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း ကျဆုံးသူ ၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ တပ်ရင်းမှူး စောမှူး‌ဂေရဲ့ပြောပြချက်အရသိရပါတယ်။

မေတ္တာမြို့တစ်ဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်တွေထဲမှာ ထားဝယ်အခြေစိုက် ခမရ ၄၀၂၊ သရက်ချောင်းအခြေစိုက် ခမရ ၄၀၅၊ လောင်းလုံးအခြေစိုက် ခလရ ၁၀၄၊ ကလိန်အောင်အခြေစိုက် ခလရ ၂၈၂နဲ့ မြိတ်ခြေစိုက် ခလရ ၂၆၅ ကစစ်ကောင်စီတပ်သားတွ တို့ပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့မေတ္တာမြို့တဝိုက်ကို ခြောက်ရက်ဆက်တိုက် K-8W တိုက်လေယာဥ်၊ Mi-2 ရဟတ်ယာဥ်တွေနဲ့ ၁၂ ကြိမ်ထက်မနည်း ဗုံးသီးတွေကြဲချခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေနဲ့ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ဗုံးကြဲမှု​ကြောင့် တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်မှုကြီးကြီးမားမားမရှိပေမဲ့ အရပ်သားထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေရှိနေတယ်လို့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။

မနေ့က စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာလည်း မေတ္တာမြို့တဝိုက်က အရပ်သားတွေ ထိခိုက်သေဆုံးတာရှိတယ်လို့ ဒေသခံတွေကဆိုပေမဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ကံပေါက်အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခလရ ၂၇၃ ကစစ်ကောင်စီတပ်သားတွေရှိနေတဲ့ မေတ္တာဗျူဟာကုန်းကို မရောက်သေးဘဲ လမ်းမှာပဲရှိနေသေးတယ်လို့ တပ်ရင်းမှူး စောမှူးဂေကဆိုပါတယ်။

ထားဝယ်မြို့နယ်အရှေ့တောဒေသဟာ ပြီးခဲ့တဲ့လကစလို့လက်ရှိအချိန်ထိ ဆက်တိုက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီအခြေစိုက်နေရာတွေနဲ့ ထားဝယ်-ထီးခီးလမ်းကနေရာတချို့ကို KNLA၊ KTLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ လေကြောင်းကဆက်တိုက်ဗုံးကြဲနေတာကြောင့် အရှေ့တောဒေသခံ အနည်းဆုံး ၇၀၀၀ ကျော်​လောက်ဟာ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

The Tanintharyi Times