တနင်္သာရီနဲ့ ကော့သောင်းကတပ်ရင်းတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေပိုမို အသုံးပြုလာ
တနင်္သာရီနဲ့ ကော့သောင်းကတပ်ရင်းတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေပိုမို အသုံးပြုလာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ တနင်္သာရီမြို့နယ်နဲ့ ကော့သောင်းခရိုင်က တပ်ရင်းတွေကို စစ်မှုထမ်းတပ်သားသစ်တွေ ပို့ဆောင်မှုများလာပြီး စစ်ကြောင်းထိုးရာ မှာလည်း တပ်သားသစ်တွေပိုမိုအသုံးပြုလာတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်တွေကို စစ်ကြောင်းထိုးရာမှာလည်း တနင်္သာရီတိုင်းဇာတိတပ်သားသစ်တွေကိုပိုအသုံးပြုလာတယ်လို့လည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
အခုလ ၆ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ကျောက်ထနောင်းရေနက်ဆိပ်ကမ်းကနေ ရေကြောင်းနဲ့ ပို့ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်သားသစ်တွေကို ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ်က တပ်ရင်းတွေကို အင်အားဖြည့်ပို့ဆောင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားသစ်တွေကို ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့အခြေစိုက် ခလရ (၂၈၀) ကို အင်အား ၁၀၀ နီးပါး၊ ဘုတ်ပြင်းမြို့နယ်က ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၈၁) တပ်ကို အင်အား ၈၀၊ ခမရ (၅၈၅) နဲ့ ခမရ (၅၅၅) တို့ကို အင်အား ၃၀ စီ ကျောက်တင်ကားတွေနဲ့ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဘုတ်ပြင်းမြို့အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
“ စစ်ကောင်စီဘက်က တပ်သားသစ်တွေကို ပို့ရာမှာ ကျောက်ကားတွေခေါ်ပြီး ပို့တာပါ။ ကျနော်တို့က ကားသမားတွေရဲ့ နီးစပ်ရာကနေ ပြန်အတည်ပြုတာပါ” လို့ ဘုတ်ပြင်းမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်ထဲမှာ ခမရ (၅၅၆)၊ (၅၅၇)၊ (၅၆၁) တပ်ရင်းတွေကို စစ်ကောင်စီတပ်သားသစ်တွေ ထပ်မံပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၆) နဲ့ တနင်္သာရီတံတားအနီးက အောက်ကင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၇) တို့ကို စစ်ကောင်စီတပ်သားသစ်တွေ အရင် ပို့လေ့ရှိပြီး ရှေ့တန်းနယ်မြေဖြစ်တဲ့ ညောင်ပင်ကွင်းရွာအခြေစိုက်တပ်ရင်း ခမရ (၅၆၁) တပ်ကို ထပ်မံ ပို့ဆောင်တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
“ အများအားဖြင့် ၅၅၇ တပ်ရင်းထဲမှာ တပ်သားသစ်တွေကို အကြာကြီးလူစုထားလေ့ရှိတယ်လို့ ကျနော်တို့တပ်ဖွဲ့ဆီကို ၅၅၇ ကနေ ထွက်ပြေးလာတဲ့ တပ်သားသစ်ဆီကနေ သိရတာရှိတယ်” လို့ တနင်္သာရီမြို့နယ် အခြေစိုက် တောင်ပံနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တနင်္သာရီမြို့နယ်ကတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားသစ်တွေကို အသုံးပြုတာ ပိုများလာပြီး အဲ့ဒီတပ်သားသစ်တွေဟာလည်း တနင်္သာရီတိုင်းသားတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ၊ တတိယပတ်ကစတင်ခဲ့တဲ့ တနင်္သာရီမြို့နယ် သိန်ခွန်းတိုက်ပွဲနဲ့ အခုလထဲမှာဖြစ်ပွားခဲ့တဲ့ ထုံမခါရွာတိုက်ပွဲတွေမှာ တနင်္သာရီတိုင်းသား စစ်ကောင်စီတပ်သားသစ်တွေကို ပိုမိုတွေ့လာရတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ အကြမ်းဖျင်းအလွယ်ဆုံးပြောရရင် အသက်အရွယ်ပေါ့။ လူငယ် လူရွယ်တွေများတယ်။ တိုက်ပွဲမှာ အနေအထိုင်ပုံစံကလည်း စစ်ပုံစံအရမ်းမကျနေဘူး။ ပြီးတော့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ ကျနော်တို့ပြန်သိရတာတွေရှိတယ်။ အဓိကကတော့ ကျနော်တို့တိုင်းသားတွေပေါ့။ ဘိတ်သား၊ ပုလောသား၊ ထားဝယ်သား၊ ဒီလိုတွေပါနေတာ ကျနော်တို့သိရတယ်” လို့ တိုင်းစစ်ဌာန တနင်္သာရီရဲ့ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ပြောပါတယ်။
သိန်ခွန်းရွာတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကျဆုံးသူဦးရေများပြီး ကျဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်သားတွေ ပါဝင်တာကိုလည်း သိမ်းဆည်းရရှိတဲ့ အလောင်းတွေနဲ့ အလောင်းဓာတ်ပုံတွေအရ အတည်ပြုနိုင်ပါတယ်လို့ ရဲဘော်စတားက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ ပုလောမြို့နယ်၊ ကားလမ်းမတောက်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့ ရက်ရှည်တိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က စစ်မှုထမ်းတပ်သားသစ်အများအပြား အသုံးပြုခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ဖူးပါတယ်။
The Tanintharyi Times