မြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေ ခေါင်းပုံဖြတ် အမြတ်ထုတ်နေ

မြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေ ခေါင်းပုံဖြတ် အမြတ်ထုတ်နေ

ဓာတ်ပုံ - HRW (ထိုင်းနိုင်ငံ စမတ်စခွန် ခရိုင်က မြန်မာရွေ့ပြောင်းအခြေချသူတစ်ဦး)

◼ မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေ နေ့စဉ် ခြိမ်းခြောက်မှုတွေအောက်မှာနေထိုင်နေရ

စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးတိမ်း ရှောင်လာတဲ့ မြန်မာနိုင်ငံသား တွေကိုထိုင်းအာဏာပိုင်တွေက ဒုက္ခသည်အဆင့်သတ်မှတ်မပေးတဲ့အပြင် ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ လူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့ Human Rights Watch က ထုတ်ပြန်ပါတယ်။

မြန်မာစစ်အာဏာရှင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကနေ လွတ်မြောက်ဖို့ ထိုင်းနိုင်ငံသို့ ခိုလှုံလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ ခြိမ်းခြောက်၊ ခေါင်းပုံဖြတ်မှု နဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ အောက်မှာ နေစဉ်ကြုံတွေ့ နေကြရတယ်လို့ HRW က ဇူလိုင်လ ၁၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေဟာ တာ့ခ် ခရိုင် မဲဆောက်မြို့ မှာ အဆိုးဆုံးဖြစ်နေပြီး မဲဆောက်မြို့ ရောက်မြန်မာနိုင်ငံသားတွေဟာ ထိုင်းအာဏာပိုင်တွေအတွက် “ သက်ရှိ ATM စက်” တွေ လို့ ခေါ်ဝေါ် သုံးနှုန်း နေရတဲ့ အခြေအနေကို ဆိုက်ရောက်နေတယ်လို့လည်း ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာစစ်ကောင်စီကြောင့်ထွက်ပြေးလာရတဲ့ မြန်မာဒုက္ခသည်တွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံတဲ့အပြင် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ပါ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ HRW ကဆိုပါတယ်။

Human Rights Watch အဖွဲ့ရဲ့ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးဆိုင်ရာ သုတေသီ နာဒီယာ ဟာဒ်မန်း က “အကြမ်းဖက်ခံရတာတွေ ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေက နေ ရှောင်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်မှုတွေပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေဟာ ဒုက္ခသည်ဖြစ်မှုကို လျစ်လျူရှုပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြပါတယ်” လို့ပြောပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ ၊ စီးပွားရေးကမောက်ကမ ဖြစ်မှုတွေကြောင့် မြန်မာနိုင်ငံသား လေးသန်းနီးပါး ဟာ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြရပြီး အဲ့ဒီထဲက နှစ်သန်းလောက်ဟာ တရားဝင်အထောက်အထား မရှိဘဲ နေရပ်စွန့်ခွာလာရတာဖြစ်တယ်လို့ လည်း HRW ကဆိုပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ Human Rights Watch က ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၀ ခန့်ကို ကွင်းဆင်းမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီလူတွေအားလုံးဟာ နိုင်ငံတကာ ဥပဒေအရ တရားဝင် ဒုက္ခသည် အဆင့်အတန်းရရှိသင့်တဲ့ လူတွေဖြစ်နေသော်လည်း ထိုင်းနိုင်ငံ အသိအမှတ်ပြုတာ မရှိဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဒုက္ခသည်ဆိုင်ရာ ဥပဒေတွေ နဲ့ ပတိုကောတွေကို လက်မှတ်ရေးထိုးထားခြင်း မရှိကြောင့် ကန့်သတ်ချက်များစွာဖြစ်ပေါ်နေတာဖြစ်တယ်လို့လည်း HRW ကဆိုပါတယ်။

အဲ့ဒီအကန့်သတ်တွေကြားမှာ နေရပ်စွန့်ခွာလာတဲ့ မြန်မာနိုင်ငံသားတွေဟာ လုံခြုံမှုနဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုရရှိဖို့ နည်းလမ်းအမျိုးမျိုး နေထိုင်နေကြရတယ်လို့လည်း HRW ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေ ရဲ့ မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ရှောင်းရှားဖို့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု အမျိုးမျိုးကိုလည်း ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ မဲဆောက်မြို့မှာ နေထိုင်ခွင့်အတွက် ရဲကတ် တွေရောင်းချပြီး ခေါင်းပုံဖြတ်တဲ့ စနစ်တစ်ခုကို တီထွင်ထားပါသေးတယ်။

အဆိုပါရဲကတ်ကို ဝယ်ယူပြီးနေထိုင်တဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်လည်ဖမ်းဆီးငွေညှစ်ကာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မယ်လို့ ခြိမ်းခြောက်တာတွေပါရှိနေတယ်လို့ HRW ကဆိုပါတယ်။

အဆိုပါ ရဲကတ်မဝယ်ယူနိုင်သူတွေကတော့ အိမ်ခန်းကျဉ်းတွေထဲ နေအိမ်အကျယ်ချုပ်ကျသလို နေထိုင်နေရတယ်လို့လည်း HRW ရဲ့ အစီရင်ခံစာမှာရေးသားထားပါတယ်။

မဲဆောက်မြို့မှာ နေထိုင်နေတဲ့ အသက် ၃၀ အရွယ် သတင်းထောက်တစ်ဦးကတော့ “ ခြိမ်းခြောက်မှုမှာ ရဲတွေပါဝင်ပတ်သက်နေတယ်။သူတို့ကို ကြောက်ရတယ်။ ကျနော်တို ခြောက်ကြိမ်စစ်ဆေးခံရတယ်။ သုံးကြိမ်က ပိုက်ဆံပေးရတယ်” လို့ HRW ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကို ငွေကြေးပေးပြီး ဝယ်ယူရတဲ့ ရဲကတ် ကိုင်ဆောင်ထားသူတွေလည်း ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ HRW ရဲ့ အစီရင်ခံစာကဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ရဲကတ်ဝယ်ယူပြီး နေထိုင်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက်၁၂ အရွယ် တူမဖြစ်သူကို ဖမ်းဆီးပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ထိန်းသိမ်းရေးစခန်း မှာ ၉ ရက်ကြာချုပ် နှောင်ကာ မြန်မာနိုင်ငံကို ပြန်ပို့ခဲတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် HRW ရဲ့ သုတေသန အစီစဉ်မှာဖြေဆိုတဲ့သူတချို့ကတော့ ရွေ့ပြောင်း အလုပ်သမားတွေကို ထုတ်ပေးတဲ့ ပန်းရောင်ကတ် ပြုလုပ်ဖို့စီစဉ်နေသူတွေနဲ့ သက်တမ်းတိုးဖို့ ပြင်ဆင်နေသူတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

ပန်းရောင်ကတ်ဟာ မြန်မာနိုင်ငံသားတွေ အတွက် အထိုက်အလျောက်လုံခြုံမှုပေးနိုင်ပေးမယ့် အဲ့ဒီကတ်ပြုလုပ်တဲ့ ဖြစ်စဉ်အတွင်းမှာ အမြတ်ထုတ်မှုတွေ ရှိနေသေးတယ်လို့လည်း HRW က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေ အနေနဲ့ မြန်မာနိုင်ငံကတိမ်းရှောင်လာသူတွေကို ဒုက္ခသည်အဖြစ်သတ်မှတ်ပေးဖို့ လိုအပ်နေတယ်လို့လည်း HRW တိုက်တွန်းထားပါတယ်။

“ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံကနေ တိမ်းရှောင်လာတဲ့ အထောက်အထားအပြည့်အစုံမပါတဲ့သူတွေကို ဒုက္ခသည် အဆင့်အတန်းသတ်မှတ်ပေးရပါမယ်။ အလားတူပဲ နည်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ် ခြမ်းခြောက်နေတာကိုလည်းရပ်တန့်ဖို့လိုပါတယ်” လို့ Human Rights Watch အဖွဲ့ရဲ့ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးဆိုင်ရာ သုတေသီ နာဒီယာ ဟာဒ်မန်း ကပြောပါတယ်။

ကိုးကား – Human Rights Watch

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times