ညှဉ်းပန်းနှိပ်စက်မှုတွေ အဆုံးသတ်ဖို့ ဖက်ဆစ်စိတ်ဓါတ်အား အမြစ်ဖြတ်စို့
ညှဉ်းပန်းနှိပ်စက်မှုတွေ အဆုံးသတ်ဖို့ ဖက်ဆစ်စိတ်ဓါတ်အား အမြစ်ဖြတ်စို့
၁၉၉၀ ခုနှစ်။ ကျွန်မအသက် ၅ နှစ်။
သူငယ်တန်းတက်ရပြီ။ အိမ်မှာ ရွာမှာ ကိုယ့်တိုင်းရင်းသားဘာသာစကားနဲ့ ပြောကြပေမယ့် ကျောင်းရောက်တော့ ဗမာစာပဲ သင်ရပါတယ်။
ဘာအဓိပ္ပာယ်မှန်းမသိတဲ့ စာတွေကို ကြက်တူရွေးနှုတ်တိုက်ရွတ်ရင်း ကျွန်မကျောင်းတက်ရပြီ။ မှတ်မိတဲ့အရွယ်ကစပြီး ရွာမှာတိုက်ပွဲခဏခဏဖြစ်။ ဗမာစစ်သားလာရင် ရွာသားတွေ ဝရုန်းသုန်းကား ထွက်ပြေးနေကျမို့ ကျောင်းတက်ရတာလည်း အမြဲအထိတ်ထိတ်အလန့်လန့်။
သေနတ်သံကြားလို့ တိုက်ပွဲဖြစ်ပြီဟေ့ဆိုရင် အမေက ပျာယီးပျာယာနဲ့ ကျောင်းကို အပြေးလာ။ ကျွန်မလက်ကိုဆွဲ အိမ်ကိုအပြေးပြန်ပြီး အိမ်အောက်က တူးထားတဲ့ ကတုတ်ကျင်းမှာ တစ်အိမ်သားလုံး ဆင်းဝပ်နေပေတော့။
တခါတလေ အမေလာမကြိုနိုင်လို့ ရွာနားမှာ တိုက်ပွဲကလည်း ဖြစ်နေပြီဆိုရင် ကျောင်းနဲ့နီးတဲ့ အမျိုးအိမ်ရဲ့ ကတုတ်ကျင်းမှာ အမျိုးတွေက အတူခေါ်ထားရတယ်။ တိုက်ပွဲအသံတိတ်မှ အိမ်ပြန်ပေါ့။
ကျွန်မတို့အိမ်က ကျောင်းနဲ့အတော်လေးလှမ်းတဲ့ ရွာအစွန်အဖျား ချောင်ကျတဲ့နေရာမှာရှိတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တပ်စွဲရာနေရာ အမြဲလိုလိုဖြစ်နေခဲ့တယ်။ ဒါ့ကြောင့်လည်း တစ်ခါတလေ ဗမာစစ်သားလာတယ် သတင်းကြားရင် အိမ်မှာမအိပ်ရဲဘဲ နည်းနည်းလှမ်းတဲ့ ဆွေမျိုးတွေအိမ်မှာ မိသားစုလိုက်သွားအိပ်ကြတယ်။
ကျွန်မတို့ တစ်မိသားစုလုံးကတော့ စစ်သားဆိုရင် ဘယ်စစ်သားဖြစ်ဖြစ် ကြောက်ရွံ့နေတတ်တော့တယ်။ ကိုယ်နဲ့လူမျိုးတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကတော့ ရွာသူရွာသားတွေကို တမင်တကာ ဒုက္ခပေးတယ်ရယ်လို့ မကြားမိပါဘူး။ ဒါပေမယ့် သူခိုး၊ ဓါးပြဆိုပြီးတော့ ဖမ်းလာတာမျိုးတော့ ခဏခဏ တွေ့ရတယ်။
တစ်ညမှာ ကျွန်မအိပ်ပျော်နေရင်းက စကားပြောသံ ဝူးဝါးဝူးဝါးတွေကြောင့် လန့်နိုးလာခဲ့တယ်။ အဖေနဲ့အမေကတော့ ပျာယီးပျာယာနဲ့ အိမ်အောက်ကို ပြေးဆင်းသွားပြီး ရောက်လာတဲ့သူတွေကို တခုခုပြောနေသံ ကြားရတယ်။
အတင်းအကျပ် ဆွဲခေါ်သံ၊ ငြင်းခုံသံ၊ ရိုက်သံနှက်သံတွေကိုလည်း ကြားလိုက်ရတယ်။ ကျွန်မကတော့ ကြောက်ရွံ့စိတ်တွေနဲ့ အိပ်ရာထဲကနေ မလှုပ်ရဲ။
အမေ အိမ်ပေါ်ပြန်တက်လာပြီး ဖက်အိပ်လိုက်မှ ပြန်အိပ်ပျော်သွားတော့တယ်။
မနက်မိုးလင်း အိပ်ရာကထ အိမ်အောက်ဆင်းလိုက်တော့ အိမ်အောက်မှာ ခြေထောက်တွေကို ထိပ်တုံးခတ်ထားပြီး လက်တွေ ကြိုးချည်ခံထားရတဲ့ ယောကျာ်းနှစ်ယောက်ကို တွေ့လိုက်ရတယ်။
သူတို့ရဲ့ မျက်လုံး၊ နှုတ်ခမ်းတွေက ဖူးယောင်မို့အစ်နေလိုက်တာ လူရုပ်တောင်မပေါ်တော့။ ကြောက်စိတ်ကြောင့်လား၊ သနားစိတ်ကြောင့်လားတော့မသိ၊ ကျွန်မ သူတို့မျက်နှာကို စေ့စေ့မကြည့်ရဲ။
ဒါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ဖမ်းလာတာ။ ဓါးပြလား၊ သူခိုးလား အခုနေပြန်စဉ်းစားရင် သေချာမမှတ်မိတော့ပေမယ့် ဖူးယောင်နေတဲ့ သူတို့မျက်နှာကိုတော့ အကြောင်းတိုက်ဆိုင်တိုင်း ပြန်မြင်ယောင်နေမိတယ်။
အနှစ်သုံးဆယ်ကျော်ကြာသွားတဲ့ ဒီနေ့အထိ အဲဒီအဖြစ်အပျက်ကို ပြန်သတိရတိုင်း ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားတာနဲ့အတူ ကြောက်စိတ်တွေက တကိုယ်လုံးကို လွှမ်းခြုံသွားတတ်တယ်။
တခါကဆို ဖမ်းထားတဲ့လူတစ်ယောက်ကို ကြိုးနဲ့တုပ် ရိုက်နှက်ပြီး လယ်ကွင်းထဲကို ဆွဲသွားတာ လှမ်းမြင်လိုက်ရတယ်။ အဲဒီလူရဲ့ အော်ဟစ်ငိုယိုသံနဲ့ တောင်းပန်သံကို အခုထိ နားထဲက မထွက်ဘူး။
ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဖက်ဆစ်တပ်တွေလိုမျိုး ဆိုးဝါးတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
ကိုယ်တိုင် မျက်စိနဲ့မြင်ခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ ဒဏ်ရာတွေ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်းရသွားတယ်ဆိုတာကို ပြောပြချင်တာပါ။
တိုင်းရင်းသားလက်နက်ကိုင်တွေက သူခိုး၊ ဓါးပြဆိုသူတွေကိုသာ ဖမ်းဆီးနှိပ်စက်တာမျိုး လုပ်တတ်ပေမယ့် ရွာသူရွာသားတွေကိုတော့ ဘယ်တော့မှ အကြောင်းမဲ့ နှိပ်စက်အနိုင်ကျင့်တာမျိုး မကြားမိပါဘူး။
ဒါပေမယ့် ဗမာစစ်တပ်က စစ်သားတွေကတော့ ကျွန်မတို့ ရွာသူရွာသား ဘယ်သူမဆို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြရပါတယ်။
“ဗမာစစ်သားလာပြီ” ဆိုတဲ့သတင်းကို ကြားတာနဲ့ ပုန်းဖို့ရှောင်ဖို့ နေရာတွေ အပြေးအလွှား ရှာကြရတော့တာပါပဲ။
ကိုယ့်အိမ်မှာမွေးထားတဲ့ ကြက်၊ဘဲတွေကို ဆွဲသွားတာလောက်ဆို တော်ပါသေး။ အခန့်မသင့်ရင် ဘော်တာ(porter) အဆွဲခံရတာ။ နေပူလှမ်းခံရတာနဲ့။
ဗမာစကားမတတ်တော့ မေးတာကို ဘာပြန်ပြောရမှန်းမသိလို့ ရိုက်မောင်း၊ ပုတ်မောင်း အလုပ်ခံရတာက အမြဲလိုလို။ ရွာသားတွေ အကြောက်ဆုံးကတော့ ဘော်တာအဆွဲခံရတာပါပဲ။
တိုက်ပွဲဖြစ်ရင် သူတို့က လူသားဒိုင်းတွေ ဖြစ်သွားတတ်ကြတာ မဟုတ်လား။
ဘယ်လိုပဲ ကြောက်လွန်းလို့ ရှောင်ပြေးကြပါစေ။ ဘယ်သူကတော့ ဘော်တာ(porter) အဆွဲခံလိုက်ရပြန်ပြီ၊ ဘယ်သူကတော့ အဖမ်းခံရပြီး နေပူအလှမ်းခံထားရတယ်၊ ဘယ်သူကတော့ မိုင်းဗုံးနင်းမိလို့ ခြေထောက်ပြတ်သွားပြန်ပြီ စတဲ့သတင်းတွေက လူကြီးတွေဆီက တိုးတိုးပြောနေသံ ခဏခဏ ကြားရပါတယ်။
ဒီနေ့ခေတ်လို ဘာသတင်းမီဒီယာမှ မရှိတဲ့အပြင် ချောင်ကျတဲ့တောရွာမို့ စစ်တပ်ရဲ့ ထင်တိုင်းကြဲလုပ်သမျှကို ကိုယ့်အချင်းချင်း တီးတိုးပြောကြရုံ။
ကြာလာတော့ ဗမာစစ်သားလာမယ့် သတင်းကို နားစွင့်ရင်း အထိတ်ထိတ်အလန့်လန့်နဲ့ နေရတဲ့ဘဝမှာ နေသားကျလာသလို။ ဘဝဆိုတာ ဒီလိုပဲ ထိတ်လန့်ကြောက်ရွံ့ပြီး နေရတယ်ထင်ပါရဲ့လို့ စိတ်ထဲမှာ ထင်သွားတတ်ကြတယ်။
စစ်သားတွေကို ကြောက်တဲ့အကြောက်တရားဟာ ရင်ထဲမှာ သံမှိုနှက်သလို စွဲသွားခဲ့တယ်။ ငယ်ဘဝအကြောင်းစဉ်းစားရင် ကြောက်စရာကောင်းတဲ့ အဲဒီအဖြစ်အပျက်တွေက အစီအရီပြန်ပေါ်လာတတ်တယ်။
ငယ်ဘဝတစ်လျှောက် ကြားတွေ့သိမြင် ခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် နှစ်တွေဘယ်လောက်ကြာကြာ ယူနီဖောင်းမြင်ရင် ကြောက်စိတ်ဟာ ဖွားကနဲ ပေါ်လာတာချည်းပဲ။
အဲဒီစိတ်ဒဏ်ရာတွေဟာ ဘယ်လောက်အထိနက်သလဲဆိုရင် ဒီနှစ်တွေထဲမှာ တွေ့နေရတဲ့ ဖက်ဆစ်တပ်ရဲ့ လူသတ်၊ မီးရှို့၊ ဖမ်းဆီးနှိပ်စက်တဲ့ သတင်းတွေကို တွေ့ရကြားရတိုင်း အဟောင်းဟာ အသစ်ပြန်ပြန်ဖြစ်လာတော့တယ်။
ဒီနေ့ဖမ်းခေါ်သွားပြီး နောက်နေ့မှာ ရုပ်ပျက်ဆင်းပျက် နှိပ်စက်ထားတဲ့ အလောင်းကို လာထုတ်ခိုင်းတဲ့ သတင်းတွေ၊ ရိုက်နှက်နှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင်တွေ၊ စစ်ကြောရေးမှာ အမျိုးမျိုးနှိပ်စက်ခံထားရသူတွေရဲ့ အင်တာဗျူးတွေကို တွေ့ရတိုင်း စိတ်ဒဏ်ရာဟာ သွေးစိမ်းရှင်ရှင် ပြန်ထွက်လာပါတယ်။
တော်လှန်ရေး အင်အားစုတွေရဲ့ အသက်ပေးတော်လှန်နေတာကို သိနေပေမယ့်လည်း ဒီဖက်ဆစ်တပ် ဘယ်တော့မှ အမြစ်ဖြတ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေက တဝဲလည်လည်ပါပဲ။
ဒီတရားမဲ့ နှိပ်စက်ညှဉ်းပန်းတဲ့ ဖြစ်ရပ်တွေကို ကျူးလွန်လို့မရအောင် အကာအကွယ်ပေးထားတဲ့ ဥပဒေတွေရော ရှိမှရှိပါရဲ့လား။
ဆိုးသွမ်းယုတ်မာလှတဲ့ လုပ်ရပ်တွေ ကျူးလွန်ထားသူတွေကို ဥပဒေအတိုင်း အပြစ်ပေးနိုင်မယ့်နေ့ဟာ ဘယ်နေ့များမှ ရောက်မှာပါလိမ့်။
ဥပဒေတွေအကြောင်း တွေးနေတုန်းမှာပဲ ထုတ်ပြန်ချက်တစ်စောင်ကို ဖတ်လိုက်ရပါတယ်။ ဇွန်လ ၂၆ ရက်နေ့၊ ၂၀၂၂ ခုနှစ်ဟာ “ညှဉ်းပန်းနှိပ်စက် ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့” တဲ့။ အဲဒီနေ့ အထိမ်းအမှတ်နဲ့ အရပ်ဖက်အဖွဲ့အစည်း ၁၄ ဖွဲ့က ထုတ်ပြန်ထားတဲ့ သဘောထားထုတ်ပြန်ချက်ပါ။
“ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး” ဆိုတဲ့စကားကြောင့် ရင်ထဲမှာ လှိုက်ကနဲဖြစ်သွားပြီး၊ ဘယ်လိုကူညီထောက်ပံ့မှာပါလိမ့်လို့ သိချင်စိတ် ဖြစ်မိတယ်။ လူအချင်းချင်း တရားမဲ့နှိပ်စက်ညှဉ်းပန်းတာတွေကို ပပျောက်အောင် ဘယ်လိုဝိုင်းဝန်းလုပ်ဆောင်ကြမှာလဲ။ ဥပဒေကရော ဘယ်လိုအကာအကွယ်မျိုး ပေးထားတာလဲ။ သိချင်စိတ်ပြင်းပြမှုနဲ့အတူ ထုတ်ပြန်ချက်ကို အဆောတလျင် ဖတ်မိပါတယ်။
“ယနေ့သည် ညှဉ်းပန်းနှိပ်စက်မှု ၊ လူမဆန်စွာ ရက်စက်မှု (သို့မဟုတ်) လူ့ဂုဏ်သိက္ခာနှင့် မလျော်ညီစွာ ပြုကျင့်ခံရမှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှုတို့ကို ဆန့်ကျင်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် အသက်ဝင်လာသောနေ့လည်း ဖြစ်သလို အခြေခံ လူ့အခွင့်အရေးကို အကာအကွယ်ပေးရန်အတွက် နိုင်ငံတကာ ဥပဒေတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည့် ထင်ရှားသော အောင်မြင်မှုတစ်ရပ်လည်း ဖြစ်သည်။”
အဲဒီစာပိုဒ်ကိုဖတ်ပြီး နှိပ်စက်ညှဉ်းပန်းမှုတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေရှိနေပါလားလို့ စိတ်ထဲမှာ တမျိုးတမည် အားတက်သွားသလိုတော့ ဖြစ်မိပါတယ်။
ဒါပေမယ့် ထုတ်ပြန်ချက်အောက်ဘက်ကို ထပ်ဖတ်လိုက်တော့ ဖက်ဆစ်တပ်ရဲ့ မတရားအနိုင်ကျင့်နှိပ်စက်တာကို ခံစားနေရတဲ့ ပြည်သူတွေရဲ့ဘဝကို မြင်ယောင်ပြီး စိတ်မောလူမော ဖြစ်မိပါတယ်။
“ဤနိုင်ငံတကာ သဘောတူစာချုပ်သည် မြန်မာနိုင်ငံမှ ပြည်သူများကို အကာအကွယ်မပေးနိုင်ဘဲ အကြမ်းဖက် အာဏာလု စစ်အုပ်စုက မြန်မာပြည်သူလူထု၏ ဘဝနှင့် ဂုဏ်သိက္ခာများကို ကြိမ်ဖန်များစွာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ကာ ချိုးဖောက်ဖျက်ဆီးလျက် ရှိနေသည်” တဲ့။
အကာအကွယ်ပေးထားတဲ့ ဥပဒေရှိတယ်ဆိုပေမယ့် လက်ရှိကျွန်မတို့နိုင်ငံမှာ တွေ့ကြုံနေရတာကတော့ ဖက်ဆစ်တပ်ရဲ့ ဆိုးရွားယုတ်မာလှတဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေကို ပြည်သူတွေ ခါးစည်းခံနေရဆဲပါပဲ။ “နှိပ်စက်ညှဉ်းပန်းမှု၊ လူမဆန်စွာ ရက်စက်မှု” တဲ့။ အဲဒီစာကြောင်းကို ပဲ့တင်သံလို စိတ်ထဲမှာ ထပ်ခါတလဲလဲ ရေရွတ်နေမိတယ်။
အဲဒီထုတ်ပြန်ချက်မှာ စစ်တပ်က အကြမ်းဖက် အာဏာလုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှစပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ ဖမ်းဆီးနှိပ်စက်ခံရလို့ သေဆုံးသွားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနဲ့ စစ်အာဏာလုမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ (၉၅) ဦးရှိပြီလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ပစ်ခတ်ခံရတာ၊ သေနတ်ဒဏ်ရာနဲ့ အဖမ်းခံရပြီး ဆေးကုသခွင့်မရတာ၊ တိုက်ပွဲမှာ သေဆုံးတာ စတဲ့အကြောင်းတွေကြောင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သား သေဆုံးသူ ဦးရေဟာ (၂၀၂၁) ဦး ရှိသွားပြီလို့ အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်နည်း အမျိုးမျိုးကိုလည်း ဖက်ဆစ်တပ်က ပျော်ပျော်ပါးပါး ကျူးလွန်နေကြပါတယ်။
ပြည်သူတွေကြားမှာ အကြောက်တရားကြီးထွားလာပြီး စစ်တပ်ကို ခဝပ်ကျိုးနွံနေအောင် နည်းမျိုးစုံသုံးပြီး ပြည်သူတွေကို ခြိမ်းခြောက်နှိပ်စက်နေဆဲပါပဲ။
ညတုန်းက တီဗွီမှာလာတဲ့ စစ်တပ်ရဲ့အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ အမျိုးသမီးတစ်ယောက်ကို အင်တာဗျူးတဲ့ အစီအစဉ်လေး ကြည့်မိတယ်။
သူစစ်ကြောရေးမှာ၊ ထောင်ထဲမှာ ဘယ်လိုအနှိပ်စက်ခံရပါတယ် ဆိုတာတွေကို နားထောင်ရင်း ကိုယ်တိုင်ကြုံတွေ့လိုက်ရသလို စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားလိုက်တာ။ သူအခုလွတ်လာတယ်ဆိုပေမယ့် သံ၊ တူ ထုရိုက်သံတွေကြားတိုင်း တံခါးဖွင့်ပိတ်သံကြားတိုင်း စိုးထိတ်စိတ်တွေ၊ မလုံခြုံစိတ်တွေ ပြန်ပေါ်နေတုန်းပါပဲတဲ့။
သူပြောတဲ့စကားတွေကို နားထောင်ရင်း ရင်ထဲမှာ နင့်သည်းတဲ့ ခံစားမှုတွေနဲ့အတူ စိတ်ကူးအတွေးတွေက ပဲ့တင်ထပ်လို့နေတယ်။ ခံနိုင်ရည်ရှိတာထက်ပိုပြီး ထိတ်လန့်ကြောက်ရွံ့ရတဲ့ အဖြစ်အပျက်မျိုးတွေ တွေ့ကြုံထားရတဲ့သူတွေဟာ တစ်သက်စာ ဒဏ်ရာရသွားတတ်ကြတာမျိုးလား။
မတရားနှိပ်စက်မှုတွေကြောင့် ကိုယ်ခန္ဓာရဲ့ ဒဏ်ရာဒဏ်ချက်တွေအပြင် စိတ်ဒဏ်ရာ ရသွားရတဲ့ ပြည်သူတွေဟာ ဘယ်လောက်အထိ များမြောင်နေပါပြီလဲ။ ဒီစိတ်ဒဏ်ရာတွေကို ဘဝတစ်သက်တာလုံး ထမ်းပိုးရွက်သည်သွားရတဲ့ အဖြစ်ဟာ ဘယ်လောက်အထိ လေးလံဖိစီးရတယ်ဆိုတာ ကိုယ်ချင်းစာလို့ရပါတယ်။
တကယ်တော့ ဖက်ဆစ်တပ်ဟာ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်လာတာ အခုမှ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒီမတရားမှုကို ဆက်လက်ငုံ့ခံနေခဲ့ရင် နောင်မျိုးဆက်တွေလည်း ဒီလိုအနှိပ်စက်ခံရတဲ့ ဘေးရန်နဲ့ ရင်ဆိုင်ကြုံတွေ့နေရဦးတော့မှာပဲ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာပါတဲ့ ဆောင်ပုဒ်လေးက “ညှဉ်းပန်းနှိပ်စက်မှုများ ချက်ချင်းရပ်၊ ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရဓလေ့အား အဆုံးသတ်” တဲ့။
ဟုတ်ပါတယ်။ မတရားမှုတွေ ကျူးလွန်နေတဲ့ ဖက်ဆစ်တပ်ဟာ ဒီနေ့အထိ တရားဥပဒေရဲ့ အပြစ်ပေးတာကနေ ကင်းလွတ်ခွင့်ရနေတုန်းပါ။ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ ပြစ်မှုပေါင်းမြောက်များစွာအတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ဥပဒေအရ အပြစ်ပေးနိုင်ဖို့ အားလုံးက ဝိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်နေတဲ့ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ဖို့ အရေးကြီးသလို အမြစ်တွယ်နေတဲ့ ဖက်ဆစ်စိတ်ဓါတ်ကိုလည်း အမြစ်ကနေ တူးလှန်ဖြိုဖျက်ပစ်ဖို့ သိပ်ကိုအရေးကြီးလှပါတယ်။ အာဏာရှင်တွေရဲ့ ထင်တိုင်းကျဲ ညှဉ်းပန်းနှိပ်စက်မှုတွေ ဒီကမ္ဘာပေါ်က ပပျောက်သွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
ငြိမ်းပန်
The Tanintharyi Times
