စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲလို့ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံတခုလုံး ပျက်စီး

စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲလို့ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံတခုလုံး ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကျေးရွာမှာရှိတဲ့ ဝဲကြီးထောင့်ဆေးရုံကို ဒီကနေ့မနက် ၁၂ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ဆေးရုံတခုလုံးနီးပါး ပျက်စီးဆုံးရှုံးသွားတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဆေးဝန်ထမ်း၊ လူနာနဲ့ လူနာစောင့် စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတချို့လည်း ရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ သေဆုံးသူ အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ထဲက ပြင်းထန်ဒဏ်ရာ ရရှိသူ ၅ ဦးရှိပြီး အဆိုပါ ဗုံးကြဲခံရမှုကြောင့် မြင်း တစ် ကောင်လည်း သေသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လူမျိုးအမုန်းတရားတွေကို အခြေခံပြီး တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်၊ ဆေးရုံး၊ ဈေးတွေကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေတာဟာ အပြစ်မဲ့ပြည်သူတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်နေတာ ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာ ဖြစ်တယ်လို့ AA ဘက်က ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ အခု လုပ်ရပ်တွေနဲ့ အရင်က ကျူးလွန်ထားတဲ့ မှတ်တမ်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနာနဲ့ လူနာစောင့် ၅ ဦး သေဆုံးခဲ့ရသလို ဆေးရုံတခုလုံးနဲ့အတူ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ အားလုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အာဏာသိမ်းကြိုးစားမှုကာလ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဧပြီလအထိ စစ်ကောင်စီဟာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁၂၉၃ ကြိမ် ကျူးလွန်ခဲ့ပြီး ဆေးရုံ ဆေးခန်းပေါင်း ၃၄၃ ခုကို ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times