စစ်ကောင်စီလက်နက်ကြီးကြောင့် ပုလောဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ
စစ်ကောင်စီလက်နက်ကြီးကြောင့် ပုလောဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီ က လက်နက်ကြီးနဲ့ပတ်ခတ်ခဲ့လို့ အရပ်သားသေဆုံးတာတွေ နဲ့ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
မနေ့က မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ရှပ်ပုံကျေးရွာ ရွာလယ်ရပ်ကွက်က အသက် ၃၅ နှစ် ဝန်းကျင်အရွယ် ဦးကြန်ဦး ဟာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ပြီး နောက်အမျိုးသားတစ်ဦးမှာလည်း ကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
“စစ်ဘေးရှောင်နေတုန်းထိတာ။ ခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆုံးသွားတာပဲဗျ။” လို့ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်းမ်ကရထားတဲ့ဓာတ်ပုံမှာလည်း ဦးကြန်ဦးရဲ့ ညာဘက်နားထင်မှာ ဒဏ်ရာအပြင်းအထန်ရထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့က မွန်းလွဲပိုင်းမှာ ပုလောမြို့နယ် ကျောက္ကာရွာအနီးနဲ့ ပုလောချောင်းဝမှာရှိနေတဲ့ စစ်သင်္ဘောနှစ်စီးနဲ့ ရှပ်ပုံကျေးရွာအုပ်စုအတွင်းအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းနှစ်ခုကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေ ကပြောပါတယ်။
ဒါ့အပြင် ပုလောမြို့နယ် ရေချိုရွာ ဘုန်းကြီးကျောင်းအနီးတဝိုက်ကို Mi-2 ရဟတ်ယာဉ်နဲ့ ဗုံး ၁၄ လုံးကြဲချတိုက်ခိုက်ခဲ့သလို ပွိုင့်ဖိုက်စက်သေနတ်နဲ့လည်း ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့ အခုလ ၁၃ ရက်နေ့ကတည်းက နေရာနှစ်ခုမှာ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးတင်းမာနေတာပါ။
“ထိတွေမှုဖြစ်တော့ နောက်ထပ်(စစ်ကောင်စီဘက်က)စစ်အင်အားတွေထပ်တိုးလာပြီး လာပစ်တယ် လေကြောင်းတွေနဲ့ပါ။ ဒီနေ့က ငြိမ်နေပေမယ့် စစ်ရေးကတော့တင်းမာနေသေးတယ်။” လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဒီနေ့မွန်းလွဲပိုင်းမှာ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးအတိအကျမသိရသေးပါဘူး။
အဲဒီတိုက်ပွဲတွေမှာ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တပ်ရင်း(၇) တပ်ခွဲ(၅) တို့ ပူးပေါင်းပါဝင်နေကြတယ်လို့ ပုလော(ပကဖ)နဲ့ PDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီလောက်မှာပဲ ရှပ်ပုံရွာထဲက ဆီတောလို့ခေါ်တဲ့နေရာမှာရှိတဲ့ ရော်ဘာခြံထဲက အိမ်တစ်ဆောင်ကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ဒီမီးလောင်မှု ဟာ ဒီကနေ့ညနေပိုင်းအထိမငြိမ်းသေးဘဲ ရော်ဘာခြံတွေဆီ မီးကူးပြီးဆက်လောင်နေပေမယ့် ရွာထဲမှာ စစ်ကောင်စီတပ်သားတွေရှိနေတာကြောင့် မီးမငြိမ်းနိုင်သေးဘူးလို့ ရွာခံတွေက ဆိုပါတယ်။
ပုလောမှာစစ်ရေးတင်းမာပြီး အရပ်သားတွေထိခိုက်ဒဏ်ရာရရှိနေသလို တနင်္သာရီမြို့နယ်မှာလည်း ဒရုန်းဗုံးကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မနေ့က နေ့လည်ပိုင်းမှာ ညောင်ပင်ကွင်းအရှေ့ကမ်းရွာ ရွာလယ်ပိုင်းကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ရဲ့ မျက်နှာတွေမှာ ကျည်စစင်ဒဏ်ရာအသီးသီးရခဲ့တာလို့ ရွာခံတွေက ပြောပါတယ်။
The Tanintharyi Times