မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၄၀ ကျော်ဖမ်းမိ
မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၄၀ ကျော်ဖမ်းမိ
ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ သိမ်း တိုက်ပွဲမှာ စစ်သားနဲ့ ပြည်သူ့စစ် ၄၀ ကျော်ဖမ်းမိခဲ့တယ်လို့ Force for Faderal Democracy-FFD အဖွဲ့ဆီက သိရပါတယ်။
မောတောင်မြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တဲ့ ဒီနေ့မနက်ပိုင်းမှာ မြို့ပေါ်မှာရှိတဲ့ စစ်သား ၆၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားပြီး ကျန်ရှိတဲ့ ၄၀ ကျော်ကိုတော့ တော်လှန်ရေးတပ်တွေက စစ်သုံ့ပန်းအဖြစ်ဖမ်းမိခဲ့တာပါ။
“ဖမ်းမိတဲ့ထဲမှာ ပြည်သူ့စစ်လို့ အမည်ခံထားသူတွေလည်း ပါပါတယ်။ အမုန်းတရားနဲ့တိုက်တာမဟုတ်ဘဲ စနစ်တစ်ခုကိုပြင်ချင်လို့တိုက်တာဖြစ်တဲ့အတွက် စစ်သုံးပန်းတွေကို အမုန်းတရားနဲ့ လုပ်ဆောင်ဖို့မရှိဘူးလို့တော့ ပြောနိုင်ပါတယ်” လို့ Force for Faderal Democracy-FFD အဖွဲ့ရဲ့ ဒုတာဝန်ခံ ကိုအောင်အောင်ကပြောပါတယ်။
မောတောင်မြို့သိမ်းတိုက်ပွဲကို KNLA တပ်မဟာ (၄) တပ်ရင်း ၂၀၃၊ တပ်ရင်း ၁၁၊ KNDOတပ်ရင်း ၇၊ တပ်ရင်း ၁၂၊ BPLA၊ FFD တို့မှပါဝင်ပူပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲအတွင်း ၁၂၀ မမ လက်နက်ကြီး နှစ်လက်၊ ၁၂၀ မမဗုံးသီး ၁၈၈လုံး၊ ပွိုင့်ဖွိုက် ၁လက်၊ ပွိုင့်ဖွိုက်ကျည် အတောင့် ၂၀၀၀၊ ၆၀မမ ၃လက်၊ ၆၀ မမဗုံးသီး ၄၂၀ လုံး၊ 81မမကျည် ၁၀၈လုံး၊ RPG နှစ်လက်၊ ငါးကြင်းမှီး တစ်လက်၊ သေနတ် အလက် ၃၀ ကျော်၊ ဂျမ်မာတွေ၊ မိုင်းတွေ၊ ကျည်ဆံတွေအပြင် ဆက်သွယ်ရေးပစ္စည်းတွေလည်း သိမ်းမိခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲလုပ်ဖို့အတွက် အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်သားတွေနဲ့ နယ်မြေများစွာကို ထိုးစစ်ဆင်နေတဲ့အချိန် တော်လှန်ရေးတပ်တွေဘက်က ထိုးစစ်ပြန်ဆင်ပြီး မြို့တစ်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဟာ ကြီးမားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ FFD အဖွဲ့ရဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က ဆိုပါတယ်။
လက်ရှိမှာ မောတောင်မြို့ကို တော်လှန်ရေးတပ်က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သလို မောတောင်မြို့ကို စစ်ကူလာနိုင်မယ့် တစ်ခုတည်းသောကားလမ်းဖြစ်တဲ့ တနင်္သာရီ-မောတောင်ကားလမ်းကိုလည်း တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ပိတ်ဆို့ ထိန်းချုပ်ထားပါတယ်။


The Tanintharyi Times
