မြဝတီ က ကျားဖြန့်လုပ်ငန်းတွေ Starlink သုံးပြီး ပြန်လည်ကြီးထွားလာ
မြဝတီ က ကျားဖြန့်လုပ်ငန်းတွေ Starlink သုံးပြီး ပြန်လည်ကြီးထွားလာ
ထိုင်း – မြန်မာနယ်စပ် မြန်မာဘက်အခြမ်း မှာ လုပ်ငန်းကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့် လုပ်ငန်းတွေ ဟာ အမေရိကန် ဘီလီယံနာ အီလွန်မက်စ် ပိုင်တဲ့ Starlink ကုမ္ပဏီကဖြန့်ဖြူးတဲ့ အင်တာနက်ကိုအသုံးချပြီး ပြန်လည်ကြီးထွားလာကြောင်း AFP သတင်းဌာနရဲ့ စုံးစမ်းဖော်မှုတွေ အရ သိရပါတယ်။
ကမ္ဘာတစ်ဝှန်းက လူပေါင်းများစွာကု ဒေါ်လာ ဘီလီယံ ချီလိမ်လည်နေတဲ့ ကျားဖြန့် လုပ်ငန်းတွေကို တရုတ် နဲ့ ထိုင်းအစိုးရ တွေနဲ့ မြန်မာစစ်တပ်တို့ က အမြစ်ဖြတ် နှိမ်နင်းမယ်လို့ ရည်ရွယ်လုပ်ဆောင်ခဲ့ပေမယ့် လအနည်းငယ်အတွင်းမှာပင် ကျားဖြန့်ရုံတွေမှာ Starlink အင်တာနက် အသုံးပြုပြီး လုပ်ငန်းပြန်လည်ပတ်နေတယ်လို့ AFP သတင်းကဆိုပါတယ်။
AFP က ရရှိထားတဲ့ ဂြိုလ်တုဓာတ်ပုံတွေ ၊ ဒရုန်း နဲ့ စုံစမ်းရိုက်ကူးမှုတွေ အရ ထိုင်း-မြန်မာနယ်စပ် မြဝတီပတ်ဝန်းကျင် မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ ခြံဝင်းတွေ နဲ့ အဆောက်အအုံသစ်တွေ အလျှင်အမြန် ပေါ်ပေါက်လာနေတာကို တွေ့ရပြီး တချို့ အဆောက်အအုံတွေ အီလွန် မက် ကုမ္ပဏီက ဖြန့်ဖြူးတဲ့ Starlink ဂြိုလ်တုအင်တာနက် စလောင်းတွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အာရှဒေသဆိုင်ရာ အင်တာနက်မှတ်ပုံတင်အဖွဲ့ (Asian regional internet registry − APNIC) ရဲ့ အချက်အလက်တွေ အရ ထိုင်းမြန်မာနယ်စပ်မှာ ကျားဖြန့် လုပ်ငန်းတွေ နိမ်နင်းရေး လုပ်ဆောင်နေချိန် အခုနှစ်ဖေဖော်ဝါရီလ က Starlink စက်အနည်းငယ်သာတွေ့ရပေမယ့် ဇူလိုင် ၃ ရက်နေ့မကနေ အောက်တိုဘာ ၁ ရက်နေ့စာရင်းတွေ အရတော့ Starlink ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုပေးသူ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဖြစ်ရပ်တွေ နဲ့ပတ်သက်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ စီးပွားရေး ကော်မတီက Starlink ရဲ့ပိုင်ရှင် SpaceX တာဝန်ရှိသူ တွေကို စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။
ကွန်ကရက်လွှတ်တော် ရဲ့ စီးပွားရေးကော်မတီ ဟာ SpaceX ရဲ့ CEO အီလွန်မက်ကိုပါ လွှတ်တော်မှာ ဆင့်ခေါ်စစ်ဆေးနိုင်တဲ့ အထိ အာဏာရှိတဲ့ ကော်မတီ တစ်ရပ်လည်းဖြစ်ပါတယ်။
SpaceX ဘက်ကတော့ AFP ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားတာ မရှိဘူးလို့လည်းရေးသားထားပါတယ်။
တရုတ် နဲ့ ထိုင်းအစိုးရတွေ နဲ့ မြန်မာစစ်တပ်တို့ ဟာ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေ အကာအကွယ်ပေးထားတဲ့ ကျားဖြန့် လုပ်ငန်းတွေကို အမြစ်ဖြတ်ချေမှုန်း မယ်လို့ ပြောဆိုထားပေမယ့် လအနည်းငယ် အတွင်း ပြန်လည်ကြီး ထွားလာတာဖြစ်ပါတယ်။
အဆိုပါ နေရာတွေက ကျားဖြန့် ဂိုဏ်းတွေ လူပေါင်းများစွာကို လူကုန်ကူးဖမ်းဆီးထားပြီး ညှင်းပန်းနှိပ်စက်ကာ ကမ္ဘာတစ်ဝန်းက လူပေါင်းများစွာကိုလိမ်လည်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ခိုင်းစေနေတာ ဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီ လမှာတော့ အဲ့ကျားဖြန့်ရုံ တွေဆီကနေ လူပေါင်း ၇၀၀၀ လောက်လွတ်မြောက်ခဲ့တယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော် က ဒီမိုကရက် အထက်လွှတ်တော်အမတ် မက်ဂီ ဟက်ဆန်က Starlink အနေနဲ့ ကျားဖြန့် လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနေတာကို ရပ်ဆိုင်းသင့်တယ်လို့ ပြောပါတယ်။
“ လူလိမ်တွေဆီကပို့တဲ့ စာတွေ ၊ ဖုန်းခေါ်တာတွေ အီးမေးလ်တွေ ပိုများလာပါတယ်။ ဒါကို တခြား ကမ္ဘာခြမ်းမှာရှိနေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ က Starlink အင်တာနက်ကို သုံးပြီး ဒီလိုလုပ်နေတာကို သိချင်မှသိလိမ့်မယ်” လို့ သူကပြောပါတယ်။
AFP က ရရှိထားတဲ့ Planet Labs PBC က ဂြိုလ်တုပုံရိပ်တွေအရ ကျားဖြန့် လုပ်ငန်း မှာ အကြီးဆုံးတွေ ထဲက တစ်ခုဖြစ်တဲ့ KK Park မှာ အဆောက်အအုံသစ်တွေ ဆောက်လုပ်တာ ပြင်ဆင်နေတာကို တွေ့ရှိခဲ့တယ်လို့လည်းဆိုပါတယ်။
အလားတူ မြဝတီ နဲ့ ရွှေကုက္ကို မှာ အဆောက်အအုံသစ်တွေ ဆောက်လုပ်နေတဲ့ အပြင် သောင်းရင်းမြစ်ဘေးမှာ ဆိပ်ကမ်း အသေးတစ်ခု ထပ်မံဆောက်လုပ်နေတာကို တွေ့ရှိရတယ်လို့ AFP က ဖော်ပြထားပါတယ်။
ကိုးကား – AFP


The Tanintharyi Times
