ဖမ်းဆီး၊ စစ်ဆေးမှုများတဲ့ တနင်္သာရီမြို့အဝင်စစ်ဆေး‌ရေးဂိတ် တိုက်ခိုက်ခံရ

ဖမ်းဆီး၊ စစ်ဆေးမှုများတဲ့ တနင်္သာရီမြို့အဝင်စစ်ဆေး‌ရေးဂိတ် တိုက်ခိုက်ခံရ

ဓာတ်ပုံ - တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့။

တနင်္သာရီမြို့အဝင်က ဗိုလ်ချုပ်‌ကြေးရုပ်အနီးမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒီကနေ့ မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုတာဝါးက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၁၀ ဦးကျော်အမြဲ ရှိနေတတ်တဲ့ အဲဒီစစ်စစ်ဆေးရေးဂိတ်ကို မနက် ၉ နာရီခွဲအချိန်လောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နာရီဝက် ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ဖြတ်သွားဖြတ်လာကားတွေကို ဆက်ကြေးကောက်တာများပြီး ကုန်စည်တွေ တင်လာတဲ့ကားကိုလည်း ပေးမဝင်ကြောင်း ဒါဟာရိက္ခာဖြတ်တောက်တဲ့ သဘောမျိုးလုပ်ဆောင်တာလို့ ကိုတာဝါးက ပြောပြပါတယ်။

တကူဒေသခံအမျိုးသားတစ်ဦးကလည်း အဲ့ဒိစစ်ဆေးရေးဂိတ်ဟာ ဖြတ်သန်းသွားလာသူတွေရဲ့ဖုန်းတွေကို စစ်ဆေးလေ့ရှိသလို ဆိုင်ကယ်ထိုင်ခုံတွေလည်း လှန်စစ်တယ်လို့ ပြောပါတယ်။

“ကုန်ကားတွေဆိုရင်ကားပေါ်ထိတက်ပြီးပစ္စည်းတွေလှန်စစ်တယ်။ ကျောပိုးအိတ်တွေပါရင်လည်း အကုန်ဖွင့်စစ်တယ်။ အခုပဲ ဓားမြတိုက်နေတဲ့ပုံမျိုး။” လို့ တကူဒေသခံက ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အခုနှစ်အတွင်းဖမ်းဆီးထောင်ချခံရတဲ့ အရပ်သား နှစ်ဦးထက်မနည်း ရှိခဲ့ပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ တနင်္သာရီမြို့နယ်ကနေ ကော့သောင်း၊ ဘုတ် ပြင်း၊ မောတောင်နဲ့ မြိတ်မြို့တွေကို သွားရင်မဖြစ်မနေဖြတ်ကျော်ရတဲ့ နေရာပဲ ဖြစ်ပါတယ်။

ဂိတ်စခန်း တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ ၁ ၊၂ နဲ့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ တောင်ပံနီ၊ တနင်္သာရီရိုးမ၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ မြိတ်ခရိုင်တပ်ရင်း(၂)ကထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုတာဝါးက ပြောပါတယ်။ စစ်ကောင်စီတပ်သားသေဆုံးမှုနဲ့ပတ်သက်လို့ တနင်္သာရီတိုင်းမ်အနေနဲ့ ထပ်မံအတည်ပြုနိုင်တာ‌တော့ မရှိပါဘူး။

ဒီကနေ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလပထမအပတ်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။

The Tanintharyi Times