ပုလောကမ်းရိုးတန်းမှာ စစ်ကောင်စီ ရိက္ခာတင်လှေ တိုက်ခိုက်ခံရပြီး တပ်မိသားစုဝင်တွေအဖမ်းခံရ
ပုလောကမ်းရိုးတန်းမှာ စစ်ကောင်စီ ရိက္ခာတင်လှေ တိုက်ခိုက်ခံရပြီး တပ်မိသားစုဝင်တွေအဖမ်းခံရ

ပုလောမြို့နယ် က ပင်လယ်ကမ်းရိုးတန်းမှာ စစ်ကောင်စီတပ်မိသားစုတွေ နဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ လှေတစ်စီး တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပုလောကမ်းရိုးတန်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကောင်စီ ရိက္ခာတင်လှေကို တော်လှန်ရေးမဟာမိတ်တပ် တွေကသတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီလှေတွေ မှာတပ်မိသားစုဝင်တွေကိုပါတင်ဆောင် လာတာဖြစ်တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
အခုလ ၁၂ ရက်နေ့ မနက်က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း လှေပေါ်မှာပါလာသူနှစ်ဦး ကျည်ထိမှန်ခဲ့သလို တပ်မိသားစုဝင်သုံးဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ တွေဘက်ကဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ရဲဘော်တစ်ဦးက ပြောပါတယ်။
“လှေက မလိကျွန်းရေတပ်စခန်းဘက်ကလာတဲ့လှေတွေ။ အားလုံးပေါင်းသုံးစီးလာတယ်။ အဲဒီထဲက တစ်စီးကို ရွေးပစ်တယ် ရွေးပစ်တဲ့လှေပေါ်မှာ ရိက္ခာတွေရော တပ်မိသားစုတွေရောပါလာတာ။” လို့ အဲ့ဒီရဲဘော်ကဆက်ရှင်းပြပါတယ်။
တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း အဆိုပါရဲဘော်က ပြောပါတယ်။
ပင်လယ်ပြင်မှာ စစ်ကောင်စီတပ်လှေတိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာပဲ ပုလောချောင်းဝနဲ့ ကပ်ရက်ရွာဖြစ်တဲ့ ရှပ်ပုံရွာကို စစ်ကောင်စီတပ်သားတွေ ကုန်းလမ်းကရောက်လာခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ ရှပ်ပုံရွာမှာရှိနေတဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား နှစ်ဖက်ပစ်ခတ်မှုပြင်းထန်ခဲ့ပြီး ဒီကနေ့အထိ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး နောက်ထပ်အရပ်သား နှစ်ဦးကတော့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ရွာသားတစ်ယောက်ဆို လက်ပြတ်မတတ်ထိသွားတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အရပ်သားထိခိုက်ဒဏ်ရာရတာအပြင် နေအိမ်နှစ်ဆောင်ထက်မနည်းလည်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရှပ်ပုံကျေးရွာမှာဖြစ်နေတဲ့ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် အရပ်သားနှစ်ထောင်ထက်မနည်း နေရပ်စွန့်ခွာထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ရှောင်တွေထဲမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ လိပ်သောင်နဲ့ လယ်ဖက်ရွာခံတွေလည်းပါနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သူတို့ရွာမှာ စစ်ဖြစ်လို့ ရှပ်ပုံကိုပြေးလာတာပါဆိုမှ ဒီမှာထပ်ဖြစ်တော့ ထပ်ပြေးရပြန်တာပေါ့။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိ ပုလောမြို့နယ်ပင်လယ်ပြင်မှာ စစ်ကောင်စီတပ်သင်္ဘော လေးစီးရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကလည်း ရှပ်ပုံရွာက ပျူစောထီးအဖွဲ့ဝင်အိမ်မိုင်းဖောက်ခွဲခံရပြီးနောက် ဒေသတွင်း နှစ်ဖက်ပစ်ခတ်မှုရက်ပိုင်းခန့် ဖြစ်ခဲ့ပါတယ်။
ရှပ်ပုံရွာဟာ အိမ်ခြေ ၂၅၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။
The Tanintharyi Times