ပြည်ပကို သုံးလအတွင်း မြန်မာ့သတ္တုတွင်းထွက် တင်ပို့မှု မနှစ်ကထက် ဒေါ်လာ ၂၇ သန်းကျော် လျော့ကျ

ပြည်ပကို သုံးလအတွင်း မြန်မာ့သတ္တုတွင်းထွက် တင်ပို့မှု မနှစ်ကထက် ဒေါ်လာ ၂၇ သန်းကျော် လျော့ကျ

ဓာတ်ပုံ - ဆင်ဟွာ

မြန်မာ့သတ္တုတွင်းထွက်တွေကို ဧပြီကနေ ဇွန်လအထိ ၃ လအတွင်း ပြည်ပတင်ပို့မှုမှာ စစ်ကောင်စီရဲ့ စီးပွါးရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ မနှစ်ကထက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် လျော့ကျသွားတာကို တွေ့ရပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၃ လအတွင်း ပြည်ပကို သတ္တုတွင်းထွက် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၂.၇၉၅ သန်း ရရှိခဲ့ပြီး မနှစ်ကကာလတူ စာရင်းမှာတော့ အမေရိကန်ဒေါ်လာ ၁၀၀.၂၉၄ သန်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံပိုင် သတ္တုတွင်းထွက်တင်ပို့မှု ဒေါ်လာသန်း ၂၀ ကျော်နဲ့ ပုဂ္ဂလိကပိုင် တင်ပို့မှု ဒေါ်လာ ၅၂ သန်းကျော်ကို တင်ပို့ရောင်းချခဲ့တာလို့ ဆိုပါတယ်။

ရောင်းချတဲ့ မြန်မာ့သတ္တုတွင်းထွက် ပို့ကုန်ပစ္စည်းတွေက ကျောက်စိမ်း အပါအဝင် ရွှေ၊ စိန်၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ သွပ် ကျောက်မီးသွေးနဲ့ အခြားသတ္တုတို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ သတ္တုတွင်းထွက် တင်ပို့မှုထဲမှ မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ တနှစ်ကို ဒေါ်လာ ၂ ဘီလီယံအထိ ရရှိနေတယ်လို့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ Global Witness က ခန့်မှန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်တွေ ဖြစ်တဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်နိုင်ဖို့ ဗြိတိန်မှာရှိတဲ့ ကျောက်မြတ်ရတနာအရောင်းဆိုင်တွေကို စည်းရုံးမှုလုပ်ဆောင်နေတယ်လို့ Burma Campaign UK က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ထားပါတယ်။

“ ဒီငွေတွေသုံးပြီး မြန်မာပြည်သူတွေကို ဖိနှိပ်တဲ့နေရာမှာ လေကြောင်းကနေ တိုက်ခိုက်ဖို့အတွက် ဂျက်လေယာဥ်တွေ ဝယ်တာ၊ လေယာဥ်လောင်စာဆီတွေဝယ်တာ၊ သေနတ်နဲ့ ကျည်ဆံတွေ ဝယ်ဖို့ စစ်တပ်က အသုံးပြုနေတယ်ဆိုတာ ကျနော်တို့သိရှိထားပါတယ် “ လို့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Mark Farmaner က VOAကို အရင်လက ဖြေဆိုထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၃ လအကြာ ၂၀၂၁၊ ဧပြီလ ၈ ရက်မှာ အမေရိကန်အစိုးရ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး OFAC ကနေ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုဘဏ္ဍာနှစ်ထဲတွင် လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတင်းထွက်၊ သစ်တော စတာတွေကို နိုင်ငံပေါင်း ၈၉ နိုင်ငံဆီကို ပို့ကုန်တင်ပို့ခဲ့ပြီး တရုတ်နိင်ငံကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်နဲ့ အများဆုံး တင်ပို့ခဲ့တာကို စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

တင်ပို့ကုန်အများဆုံး ပို့ထားတဲ့ နိုင်ငံထဲမှာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဂျာမနီ၊ အီတလီ၊ နယ်တာလန်၊ ပိုလန်နိုင်ငံတို့ ပါဝင်ပါတယ်။

The Tanintharyi Times