ပုလောမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၈ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သား တစ်ဦးသေဆုံး

ပုလောမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၈ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သား တစ်ဦးသေဆုံး

ဓာတ်ပုံ - PPDF

ပုလောမြို့နယ်၊ ကျောက်နိမ့်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့က မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

မနက် ၆ နာရီ ၁၅ ​မိနစ်ကနေ နေ့လည်၁၂နာရီဝန်းကျင်အထိ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပုလောPDF က ထုတ်ပြန်ပါတယ်။

“လက်နက်ကြီးအသံတွေ မြို့ပေါ်ကတောင်ကြားရတယ်။ မီးရှို့ခံရတဲ့အိမ်တွေကလည်း တန်ဖိုးကြီးပစ္စည်းတွေအကုန်ယူပြီးမှ ရှို့တာ။ ရွာသားတွေကတော့ စစ်ကြောင်းထိုးတည်းကအကုန်ထွက်ပြေးကြရတာ လို့ပုလောဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၈ဦးသေဆုံးပြီးနောက် လက်နက်ကြီးပစ်ခတ်ချိန် ချို့ယွင်းပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထပ်မံ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ပုလော PDF နဲ့ မဟာမိတ်အင်အားစုတို့ဘက်ကတော့ ရဲဘော် ၁ တစ်ဦး ကျဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ကျဆုံးခဲ့သူဟာ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က တပ်သားရဲဘော်ဝမ်ချိုင်းဖြစ်ပြီး အမိန့်ပြန်တမ်းကိုလည်း ပုလောPDFက ဒီကနေ့ပဲထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောင်းနိမ့်ကျေးရွာက ပြည်သူတွေရဲ့နေအိမ် ၇ ဆောင်နဲ့ ဆိုင်ကယ် ၄စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times