ရေဖြူတံတားထိပ်မှာ အမျိုးသားတွေလိုက်ပါလာတဲ့ ခရီးသွားကားတစ်စီးကို စစ်တပ်ကဖမ်းဆီး

ရေဖြူတံတားထိပ်မှာ အမျိုးသားတွေလိုက်ပါလာတဲ့ ခရီးသွားကားတစ်စီးကို စစ်တပ်ကဖမ်းဆီး

ပုံစာ - ရေဖြူမြို့နယ် အရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းကို ဆက်သွယ်ထားတဲ့တံတား။

ရေဖြူမြို့နယ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို ဆက်သွယ်ထားတဲ့ တံတားထိပ် မှာ လူလတ်ပိုင်းအရွယ်အမျိုးသားတွေလိုက်ပါလာတဲ့ ကားတစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အခုလ ၁၀ ရက်နေ့ည ၈ နာရီခွဲခန့်က လူလတ်ပိုင်းအရွယ် အမျိုးသားခုနစ်ဦးပါလာတဲ့ ပရိုဘောက်စ်ကားတစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီကားဟာ ထားဝယ်မြို့ဘက်ကနေ ရေဖြူမြို့နယ်ဘက်ကိုလာတဲ့အချိန် ရေဖြူတံတားထိပ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတာလို့ ရွာခံတွေက ပြောပါတယ်။

“ကားနှစ်စီးလာတာ တစ်စီးက ပြန်လှည့်ပြေးလို့ လွတ်သွားတယ်။ အရင်လာတဲ့တစ်စီးကတော့ အဖမ်းခံလိုက်ရတာပေါ့။” လို့ ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ညမထွက်ရအမိန့်ကို အကြောင်းပြပြီး စစ်မှုထမ်းအတွက်စစ်သားစုဆောင်းတာလို့လည်း ရွာခံတွေကပြောဆိုနေကြပါတယ်။

စစ်ကောင်စီတပ်က ရေဖြူမြို့နယ်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသားတွေက ည ၈ နာရီ ၃၀မိနစ် ခန့်မှာ အဖမ်းခံရတာဖြစ်ပါတယ်။

အဲဒီအမျိုးသားခုနစ်ဦးနဲ့ ပရိုဘောက်စ်ကားကို ရေဖြူမြို့အနောက်ဘက်ကမ်းရဲစခန်းမှာ ဖမ်းထားခဲ့ပြီး အခုလ ၁၂ ရက်နေ့ ညနေမှာတော့ ထားဝယ်မြို့ကို ပို့လိုက်တယ်လို့ သိရပါတယ်။

ထားဝယ်မြို့ရဲ့ဘယ်နေရာကို ပို့ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရေဖြူတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား ရှစ်ဦးဝန်းကျင်က လမ်းသွားလမ်းလာတွေကို စစ်ဆေးလေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ဒုတိယအပတ်က တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့ပြီး သေနတ်တစ်လက်လည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း မြို့ဧရိယာတွေမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးစုဆောင်းတာတွေလုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာဆိုရင် တနင်္သာရီမြို့၊ မြိတ်မြို့က လူလတ်ပိုင်းအရွယ်အမျိုးသား ၄၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

The Tanintharyi Times