မွန်ပြည်သစ်ပါတီ(AD) က စစ်ဒေသ ခုနှစ်နေရာဖွင့်လှစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေ
မွန်ပြည်သစ်ပါတီ(AD) က စစ်ဒေသ ခုနှစ်နေရာဖွင့်လှစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေ
 
			မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ဒေသ ၇ နေရာ ဖွင့်ထားကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတယ်လို့ NMSP-AD ဆီကသိရပါတယ်။
မွန်ပြည်နယ်ရှိ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ တနင်္သာရီတိုင်းရှိ ရေဖြူ စတဲ့ မြို့နယ်တွေမှာ စစ်ဒေသတွေ ထားရှိကာ စစ်ရေးဖော်ဆောင်နေကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောပါတယ်။
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ကနေ ခွဲထွက်လာကာ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ အတူ စစ်ကောင်စီကို တိုက်ခိုက်နေတာကြောင့် ဒီကနေ့ဟာ NMSP-AD ကို ဖွဲ့စည်းခြင်း သက်တမ်းတနှစ်ပြည့်မြောက်သွားတဲ့ နေ့လည်း ဖြစ်ပါတယ်။
NMSP-AD ရဲ့ တစ်နှစ်ပြည့် သဘောထားထုတ်ပြန်ချက်မှာတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး တန်းတူရေးနဲ့ ကိုယ်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး နိုင်ငံရေးပန်းတိုင် မရောက်မချင်း ဒီမိုကရေစီအင်အားစုတို့တဲ့အတူ လက်တွဲသွားမယ်လို့ ပြောဆိုထားပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ဖို့ နိုင်ငံရေးခံယူချက်တူတဲ့ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ တပ်ဗိုလ် တပ်သားတွေ၊ မွန်မျိုးချစ်ပြည်သူတွေ ပူးပေါင်းပြီး NMSP-AD ကို ဖွဲ့စည်းခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုတစ်နှစ်တာအတွင်း NMSP-AD သီးခြားသော်လည်းကောင်း၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးသော်လည်းကောင်း တိုက်ပွဲဖော်ဆောင်နေသလို စစ်သည်အင်အားဖြည့်တင်းတာ၊ စစ်သင်တန်းပေးတာတွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောပါတယ်။
“ကျနော်တို့ စထွက်ထွက်လာခြင်းတုန်းကတော့ မွန်လူငယ်တော်တော်များများ ကျနော်တို့ တပ်ဖွဲ့ထဲမှာ ဝင်ရောက်တာဝန်ထမ်းဆောင်မှုတွေ ရှိတယ်၊ နောက်ပိုင်းလည်း တဖွဲဖွဲဝင်ရောက်လာတဲ့ လူငယ်တွေလည်း ရှိတယ်၊ ပြည်တွင်းကရော ပြည်ပက ပြန်လာတဲ့ လူငယ်တွေရောပေါ့” လို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေကို အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်သွားရန်အတွက် NMSP-AD နဲ့ ပူးပေါင်းလက်တွဲကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖိတ်ခေါ်ထားပါတယ်။
NMSP-AD အပါအဝင် နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာကြတဲ့ မွန်တော်လှန်ရေးတပ်တွေဟာ မွန်တပ်တစ်တပ်တည်း ဖြစ်ရေး လုပ်ဆောင်နေပြီး NMSP-AD အနေနဲ့ မွန်တပ်တစ်ခုတည်း ပေါ်ထွန်းရေး၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး Bottom-up federalism ချဉ်းကပ်မှုနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ယူနစ် တည်ဆောက်ရေးတွေကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ တနှစ်ပြည့်သဘောထားထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
“ကျနော်တို့ရဲ့ မွန်အမျိုးသားများ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ဒီကာလမှာ ကျနော်တို့ တစုတစည်းထဲ တိုက်ပွဲဝင်နိုင်မှသာလျှင် လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်သလို လက်ရှိ ပြည်သူကို ညှင်းပန်းနှိပ်စက်သတ်ဖြတ် အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို မွန်တမျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ပြီးတော့ တစုတစည်းထဲ အမျိုးသားရေး အသွင်ဆောင်တဲ့ တိုက်ပွဲ ဖော်ဆောင်ဖို့ လိုအပ်တယ်၊ ကျနော်တို့နဲ့ ပူးပေါင်းပါဝင်ကြဖို့ မွန်ပြည်သူတွေကို တိုက်တွန်းပါတယ်” လို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောပါတယ်။
တော်လှန်ရေးအတွင်း အသက်သွေးချွေး ပေးလှူသွားကြတဲ့ ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေ အားလုံးကို အလေးအမြတ်ထား ဂါရဝပြုအပ်ကာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြား ကြံ့ကြံ့ခံပြီး မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပါဝင်ပေးတဲ့ ပြည်သူတွေကိုလည်း အလေးအနက်ထား မှတ်တမ်းတင်တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
The Tanintharyi Times

