စစ်မှုထမ်းဥပဒေကြေညာချက်ထွက်ပြီးနောက် တနင်္သာရီက လူငယ်အများအပြား ပြည်ပထွက်

စစ်မှုထမ်းဥပဒေကြေညာချက်ထွက်ပြီးနောက် တနင်္သာရီက လူငယ်အများအပြား ပြည်ပထွက်

ပုံစာ - ထားဝယ်-ထီးခီးလမ်းတနေရာ (ပုံဟောင်း)

အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေစပြီး အာဏာတည်ပြီလို့ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ပြည်ပထွက်ခွာတဲ့လူဦးရေများပြားလာတယ်လို့ တနင်္သာရီတိုင်းထဲမှာရှိတဲ့ နယ်စပ်ဒေသအသီးသီးက ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းကစပြီး ပြည်ပထွက်ခွာတဲ့နိုင်ငံသားအရေအတွက် သိသိသာသာနည်းပါးသွားပေမယ့် အခုလ ၁၀ ရက်နေ့က စစ်မှုထမ်းဥပဒေကြေညာချက်ထွက်ပြီးနောက်ပိုင်းမှာ တဟုန်ထိုးများလာတာလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ထားဝယ်မြို့နယ်

ထားဝယ်မြို့နယ်မှာ အရှေ့တောဒေသ နယ်စပ်လမ်းကနေ တရားမဝင်ဝင်ရောက်သူ ငါးဆအထိများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အရင်က တရားမဝင်လမ်းကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ တစ်ရက်ကို လူ ၂၀၀ နီးပါးလောက်ရှိရာကနေ စစ်မှုထမ်းဥပဒေအတည်ပြုကြောင်းကြေညာပြီးနောက် သုံးရက်အတွင်း တရက်ကို ၁,၀၀၀ ဝန်းကျင်အထိရှိလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“မနေ့ကဆို တရက်တည်းတစ်ထောင်ကျော်တယ်။ အကြီးအကျယ်ကိုဝင်နေကြပြီဗျ။ ကားတွေဆိုအပြည့်ပဲ” လို့ ထားဝယ်-ထီးခီးလမ်းပေါ် ရမ္မဇူရွာမှာနေထိုင်သူတဦးက ပြောပါတယ်။

အားလုံးနီးပါးဟာ လူငယ်အမျိုးသား၊ အမျိုးသမီးတွေဖြစ်တယ်လို့လည်း လမ်းပေါ်မှာစစ်ဆေးရေးဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်ကတစ်ဦးကဆိုပါတယ်။

ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကောင်စီဂိတ် ၄ ခုထက်မနည်းရှိပြီး ငွေကြေးတောင်းခံတာတွေရှိပေမဲ့ တားဆီးတာတွေတော့ မရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ကော့သောင်းမြို့နယ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့နယ်မှာလည်း ပြည်ပထွက်ခွာသူအများအပြားရှိနေပြီး လှေဆိပ်တွေမှာ လူလတ်ပိုင်းအရွယ်တွေကြိတ်ကြိတ်တိုးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ပုံမှန်ဆို ကုန်စည်ရောင်းနေတဲ့သူတွေဈေးဝယ်ထွက်မယ် ပြန်လာမယ် အဲလောက်ပဲရှိတာဗျာ။‌ အခုက လူဦးရေဘယ်လောက်ထွက်တယ်ဆိုတာကိုဘဲမပြောနိုင်တာ။ ပဲ့ချိတ်လှေတွေဆိုလည်းမနားရဘူး လူတွေဆိုလည်းတိုးနေတာပဲ။” လို့ ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မောတောင်မြို့

နယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေမကြေညာချက်မထွက်ခင်က တစ်ရက်ကို ၁၀ ဦးလောက်ပဲ အသွားအလာလုပ်ကြပေမယ့် ကြေညာချက်ထွက်ပြီး ရက်ပိုင်းအတွင်း တစ်ရက်ကို လူဦးရေ ၁၅၀ ဝန်းကျင်အထိ နယ်စပ်ဖြတ်ကျော် ထွက်ခွာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောတောင်မြို့မှာ တရားမဝင်လမ်းကြောင်း အများအပြားရှိပြီး လူ ၁၅၀ ဆိုတဲ့ အဲဒီပမာဏဟာ လမ်းကြောင်းတစ်ခုကနေ သွားလာတဲ့ပမာဏကိုပဲ နှိုင်းယှဥ်ပြောပြတာဖြစ်တယ်လို့ မောတောင်မြို့မှာ နယ်စပ်ကူးသန်းပို့ဆောင်ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ရှေ့လတွေက သွားကြတာ လူလတ်ပိုင်းအရွယ်တွေပိုများတယ်လေ။ အလုပ်လုပ်ဖို့သွားကြတာ။ အခုရက်ပိုင်းမှာက ၂၀ ဝန်းကျင်လူငယ်လေးတွေ အများကြီးပဲ။ ဘိတ်၊ တနင်္သာရီနဲ့ ပုလောဖက်က လူငယ်တွေ အများစုပါတယ်”လို့ အဲဒီ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အလားတူ ရေဖြူမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာလည်း နယ်စပ်ဖြတ်ကျော်ထွက်ခွာတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကအတည်ပြုလိုက်တဲ့ကြေညာချက်အရ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းစစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားဆိုရင် အသက် ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၂၇ နှစ်အထိ မဖြစ်မနေ စစ်မှုထမ်းရမှာဖြစ်ပါတယ်။

The Tanintharyi Times