စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ် ပါတီခေါင်းဆောင်တချို့က ကြေညာ

စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ် ပါတီခေါင်းဆောင်တချို့က ကြေညာ

မွန်ပြည်သစ်ပါတီရဲ့ စစ်ကောင်စီနဲ့ဆွေးနွေးရေးလမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်မခံတဲ့ ပါတီခေါင်းဆောင်တချို့က နွေဦးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မွန်ပြည်သစ်ပါတီ NMSP ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်မှာဖြစ်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်တို့ ပါဝင်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီ အဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့၊ တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံကျင်းပခဲ့ပြီး ပါတီအနေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးရေးမူကိုသာ လက်ခံဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ ဒု အဖွဲ့ခေါင်းဆောင်- ၁ နိုင်ဗညားလယ်က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“ ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာ ပါတီက စစ်အာဏာရှင်နဲ့ Bilateral (နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ်) အတိုင်း ဆက်လက်ဆက်ဆံကြဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်၊ ကျနော်တို့က လက်မခံနိုင်တဲ့အတွက်ကြောင့်မို့ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ ကျနော်တို့ ယုံကြည်ချက်တူတဲ့ ပါတီခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ တပ်မှူး၊ တပ်ဗိုလ်တွေ စုပြီးတော့ စစ်အာဏာရှင်ကို တိုက်ဖျက်မယ့်အကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်” လို့ နိုင်ဗညားလယ်က ပြောပါတယ်။

ပါတီခေါင်းဆောင်အချင်းချင်းကြား သဘောထားကွဲလွဲသွားတဲ့အပေါ်မှာတော့ အခုအဖွဲ့အစည်းဟာ ပါတီကနေ ခွဲထွက်သွားတာလားဆိုတာကိုတော့ နိုင်ဗညားလယ်က တိတိကျကျ ပြောဆိုတာမျိုးမရှိဘဲ ပါတီခေါင်းဆောင်တွေဟာ ရည်ရွယ်ချက်တူညီပြီး နည်းနာကွဲပြားသွားကြတယ်လို့ပဲ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တခုတည်းသော နည်းလမ်းလို့ ယုံကြည်ပြီး NMSP အတွင်းက ယုံကြည်ချက်တူညီတဲ့ ပါတီဗဟိုကော်မတီအချို့တွေ၊ တိုင်းရင်းမှူးအဆင့်အချို့တွေနဲ့ စစ်အာဏာရှင်ကို တိုက်ဖျက်ချင်တဲ့ ပါတီရဲဘော်တွေ၊ တပ်မှူး၊ တပ်ဗိုလ်တွေက အဖွဲ့နဲ့ လာရောက်ပေါင်းစည်းဖို့ နိုင်ဗညားလယ်က တိုက်တွန်းပါတယ်။

မွန်ပြည်သစ်ပါတီဟာ NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ဆုံဆွေးနွေးမှုတိုင်းမှာ မျှော်မှန်းထားတဲ့ရလဒ်တွေ လုံးဝမရရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေအပေါ် လူမဆန်တဲ့ဖမ်းဆီးညှင်းဆဲမှုတွေ နေ့စဉ်ကျူးလွန်နေပြီး မွန်ပြည်နယ်အတွင်း အထူးသဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ နေအိမ်မီးရှို့မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ပါလို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ပြောဆိုပါတယ်။

“မွန်ပြည်သူတွေအနေနဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအင်အားစုတွေကို ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်၊ တိုက်ပွဲဝင်တဲ့နေရာမှာ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်း၊ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ရည်ရွယ်ချက်တူ ပန်းတိုင်တူ နည်းနာတူတဲ့အပေါ် ပေါင်းစုပြီးတော့ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ နိုင်ဗညားလယ်က ဆိုပါတယ်။

မွန်ဒေသမှာ စစ်ရေးပြင်းထန်လာမယ့်သဘောရှိတာကြောင့် ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာတွေ စုဆောင်းထားဖို့နဲ့ ခရီးသွားလာတာတွေ သတိပြုဖို့ လိုအပ်သလို စစ်ကောင်စီဘက်က ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအကျပ် အမိန့်ပေးစေခိုင်းရင် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့မှာဖြစ်ဖြစ် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့မှာ ဖြစ်ဖြစ် လာရောက်ပူးပေါင်းကြဖို့ ဒုအဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

The Tanintharyi Times