မြေရှားသတ္တုက မြန်မာအတွက် အခွင့်အလမ်းလား၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ဖို့လား

မြေရှားသတ္တုက မြန်မာအတွက် အခွင့်အလမ်းလား၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ဖို့လား

မြန်မာနိုင်ငံကမြေရှား သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ စီးပွားရေးအခွင့်အလမ်း ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုတွေ၊ ပထဝီဝင်နိုင်ငံရေး လွန်ဆွဲပွဲတွေ ဆုံမှတ်တနေရာမှာရှိနေပါတယ်။ တခြားတစ်ဖက်မှာတော့ ဒေသခံဌာနေပြည်သူတွေရဲ့အနာဂတ်ပေါ်မှာကြီးကြီးမားမား သက်ရောက်မှုတွေ ရှိနေပါတယ်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းဟာ အခွင့်အလမ်းအပြင် နိုင်ငံခြားကော်ပိုရေးရှင်းတွေရဲ့ ခေါင်းပုံဖြတ်တာတွေ၊ ဥပဒေလိုက်နာဖို့ ပျက်ကွက်တာ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းခွင်အန္တရာယ်တွေနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် ဒေသခံတချို့အတွက် စီးပွားရေးအရ အလုပ်အကိုင်နဲ့ နှစ်ဆနီးပါးမြင့်မားတဲ့ လုပ်ခလစာတွေဟာ မက်လုံးတစ်ခုလိုဖြစ်နေပြန်ပါတယ်။

ဒေသခံပြည်သူတွေ၊ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီတွေဟာ မြန်မာ့မြေရှားသတ္တုလုပ်ငန်းမှာ အရေးပါတဲ့ ကဏ္ဍမှာ ရှိပေမယ့် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကြားက အဖိုးတန်အရင်းအမြစ်ကို ထိန်းချုပ်ကြိုးပမ်းတဲ့ အားပြိုင်မှုတွေကြောင့် ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေဟာ တိုးလာနိုင်ပါတယ်။

မြေရှားသတ္ထုတူးဖော်ရေးကြောင့် ထိန်းချုပ်လို့မရဘဲ ထွက်လာမယ့် ပတ်ဝန်းကျင်ပြဿနာတွေကတော့ သစ်တောပြုန်းတီးမှုတွေ၊ မြေဆီလွှာပျက်စီးမှုနဲ့ ရေထုညစ်ညမ်းမှုတွေပါ။ ဒီသက်ရောက်မှုတွေဟာ ရပ်ရွာလူထုရဲ့ ကျန်းမာရေးနဲ့ ဒေသရဲ့ ဂေဟစနစ်တွေကို ခြိမ်းခြောက်နေပါတယ်။ ရေရှည် တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘေးထွက်ဆိုးကျိုးနည်းအောင် ဟန်ချက်ညီညီ လုပ်ဆောင်ပေးမယ့် အုပ်ချုပ်ရေး ယန္တရားတစ်ရပ်ဟာ မဖြစ်မနေ လိုအပ်နေပါတယ်။

၁။ မြေရှားသတ္တု (သို့) ရှားပါးကမ္ဘာ့ဒြပ်စင်တွေကို သုံးသပ်ခြင်း

မြေရှားသတ္တုရဲ့ဒြပ်စင်တွေကိုတော့ Light Rare Earth Elements (LREE-La, Ce, Pr, Nd, Sm)နဲ့ Heavy Rare Earth Elements (HREE-Eu, Gd, Tb, Dy, Ho, Er, Tm , Yb, Lu, Y) ဆိုပြီး အုပ်စုနှစ်စုခွဲထားပါတယ်။

ဓာတုဒြပ်စင် ၁၇ ခုပါဝင်တဲ့ မြေရှားသတ္တု (Rare Earth Elements- REEs) ဟာ စမတ်ဖုန်းတွေ၊ လျှပ်စစ်ကားတွေနဲ့ ပြန်လည်အားသွင်းနိုင်တဲ့ ပြည့်ဖြိုးမြဲစွမ်းအင်အစရှိတဲ့ နည်းပညာမြင့်စက်ပစ္စည်းတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ စွမ်းအင်နဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းတွေရဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးအတွက် အရေးပါတယ်ဆိုရင် မမှားပါဘူး။

ကမ္ဘာကြီးဟာ သန့်ရှင်းတဲ့ စွမ်းအင်နဲ့ ခေတ်မီတဲ့ နည်းပညာခေတ်ကို ဦးတည်နေတဲ့အတိုင်း ၂၀၄၀မှာ မြေရှားသတ္တုရဲ့ဝယ်လိုအားဟာ သုံးဆကနေ ခုနှစ်ဆအထိ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာဟာ ဒီစျေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်တဲ့ နေရာရောက်လာနိုင်ပေမယ့် ကမ္ဘာ့စျေးကွက်ရဲ့ ၅၈ ရာခိုင်နှုန်းကျော် ထောက်ပံ့ပေးထားတဲ့ တရုတ်ဟာ မြေရှားသတ္တုစျေးကွတ်အများစုကို ထိန်းချုပ်ထားပါတယ်။

Investing News သတင်းအရ ကမ္ဘာ့မြေရှားသတ္တုကို ဦးဆောင်ထုတ်လုပ်တဲ့ နိုင်ငံစာရင်းမှာ တရုတ် – ၆၈ ရာခိုင်နှုန်း၊ သြစတြေးလျ – ၁၀ ရာခိုင်နှုန်း၊ အမေရိကန် – ၉ ရာခိုင်နှုန်းနဲ့ မြန်မာ – ၈ ရာခိုင်နှုန်း ရှိတာကြောင့် ကမ္ဘာ့စျေးကွက်မှာတော့ မြန်မာဟာ အဓိကနေရာမှာ ပါဝင်လာပါတယ်။ အလားအလာကောင်းတဲ့ မြန်မာ့မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်သူအများစုဟာ ကချင်ပြည်နယ်ဖြစ်ပြီး အမြတ်အစွန်းများတဲ့ ဒီလုပ်ငန်းမှာ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေနဲ့ ဖြစ်လာနိုင်ချေ သုံးသပ်ထားပါတယ်။

၂။ မြန်မာ့မြေရှားသတ္တုတူးဖော်ရေးမှာ ဘယ်သူတွေပါဝင်ပတ်သက်နေလဲ

  • ဒေသခံ လူထု

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် အကျိုးဆက်တွေကို တိုက်ရိုက်ခံစားရမယ့်သူတွေကတော့ ကချင်ပြည်နယ်က ဒေသခံတွေပါ။ တချို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကောင်းလာနိုင်ပေမယ့် လူမှုရေးဆိုင်ရာ မငြိမ်မသက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးယုတ်မှုတွေလို အနုတ်လက္ခဏာတွေလည်း ယှဥ်တွဲနေပါတယ်။ ဒေသခံအလုပ်သမားတွေဟာ တစ်လကို ဒေါ်လာ ၆၀၀ နဲ့ ညီမျှတဲ့ လခကို ရကြတယ်လို့ သတင်းတချို့မှာ တွေ့ရပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းဟာ ဥပဒေအရ တရားမဝင် လုပ်ကိုင်နေတယ်လို့ ယူဆနိုင်တာကြောင့် ရေရှည်အလုပ်အကိုင်တည်မြဲရေးဆိုတာဟာ မသေချာပြန်ပါဘူး။

  • တရုတ်ကုမ္ပဏီတွေ

မြန်မာပြည်ရဲ့မြေရှားတူးဖော်ရေးမှာ တရုတ်စီးပွားရေးလုပ်ငန်းတွေက အဓိက နေရာယူထားပါတယ်။ တရုတ်ပြည်တွင်းမှာ မြေရှားတူးဖော်တာ လျော့နည်းလာပြီး မြန်မာပြည်မှာ တိုးလာနေတယ်လို့ လေ့လာမှုတစ်ခုက ယုံကြည်နေပါတယ်။ တရုတ်ဘက်ခြမ်းမှာ မြေပြင်သတ္တုတူးဖော်ရေး ဧရိယာ ၁၃၀ ရာခိုင်နှုန်း တိုးလာပေမယ့် မြန်မာဘက်မှာတော့ ဧရိယာ ၃၂၇ ရာခိုင်နှုန်းအထိ တိုးချဲ့နေတယ်လို့ ဖော်ပြထားပါတယ်။ VOA သတင်းအရ ချီဖွေ၊ ပန်ဝါ၊ ကန်ပိုက်တီးမြို့နယ်တွေဟာ ၂၀၁၄ ခုနှစ်ကစလို့ သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို သိသိသာသာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့မြေရှားဈေးကွက်ကို လွှမ်းမိုးချင်တဲ့ တရုတ်အစိုးရအပြင် စျေးကွက်တောင်းဆိုမှုတွေကို လုံလောက်အောင်ပံ့ပိုးနိုင်ရေးအတွက် တရုတ်ကုမ္ပဏီတွေဟာ မြန်မာပြည်ကိုဝင်ဖို့ ကြိုးပမ်းလာကြတာပါ။ ၂၀၁၄ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁.၅ သန်းသာ တင်ပို့နိုင်ခဲ့တဲ့ မြန်မာပြည်ဟာ ၂၀၂၁ ခုနှစ်မှာတော့ သတ္တုတွင်းပေါင်း ၂၇၀၀ ကျော်ကနေ အမေရိကန် ဒေါ်လာ သန်း ၇၈၀ တင်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာပြည်က မြေရှားသတ္တုကို တင်သွင်းခဲ့တဲ့ တန်ဖိုးဟာ ၂၀၂၃ တစ်နှစ်ထဲမှာတင် အမေရိကန် ဒေါ်လာ သန်း ၉၀၀ နီးပါးရှိတယ်လို့ ISP Myanmarက ဖော်ပြခဲ့ပါတယ်။

  • မြန်မာစစ်တပ်နဲ့ ဒေသန္တရအစိုးရများ

မြေရှားသတ္တုတူးဖော်ရေးကဏ္ဍနှင့် စစ်ကောင်စီအကြားမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိနေပါတယ်။ စစ်ကောင်စီက မြေရှားသတ္တုတူးဖော်ရေးကို တရားဝင်ခွင့်ပေးပေမယ့် တားမြစ်ချက်တွေကို ထိရောက်အောင် အကောင်အထည်မဖော်နိုင်တာကြောင့် သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ ဆက်လက်လည်ပတ်နေတာပါ။ အဲဒီလုပ်ငန်းတွေကနေ စီးဆင်းတဲ့ ငွေတွေကို ပြည်တွင်းစစ် ပဋိပက္ခများမှာ စစ်တပ်က စစ်ဆင်ရေးအတွက် အသုံးပြုနေပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြောရေးဆိုခွင့်ရှိသူကလည်း သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေအပေါ် ရိုက်ခတ်မှုရှိလာတာကြောင့် မြေရှားသတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်လို့ စည်းမျဉ်းဥပဒေကို တင်းကြပ်သင့်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ မိုင်ဂျာယန်မှာ နေထိုင်တဲ့ ဒေသခံ ၁၅၀၀ ကျော်နဲ့ တွေ့ဆုံခဲ့တုန်းက “မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်သွားဖို့ ရှိတယ်”လို့ ပြောခဲ့ပါတယ်။

တစ်ဖက်မှာလည်း “ဒီသတ္တုတွင်းတွေကို ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် ရန်ပုံငွေဖြစ်သလို စစ်အာဏာရှင်အစိုးရကို တွန်းလှန်ဖို့ စစ်ဖက်ဆိုင်ရာ ရန်ပုံငွေအတွက် အသုံးပြုဖို့ ရည်ရွယ်ထားတယ်”လို့ ဆိုပါတယ်။

NUG အစိုးရရဲ့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးတပ်ဖွဲ့ကလည်း ဝမ်ပေါင်လို သတ္တုတွင်းလုပ်ငန်းများကို စစ်တပ်နဲ့ အလုပ်မလုပ်ဖို့ သတိပေးထားပါတယ်။

  • နိုင်ငံတကာကော်ပိုရေးရှင်းတွေ

မြန်မာ့မြေရှားပါးသတ္တုတူးဖော်ရေးတွေကနေ သွယ်ဝိုက်ပြီး အကျိုးအမြတ်ရနေတဲ့ လုပ်ငန်းတွေကတော့မော်တော်ယာဥ်ထုတ်လုပ်ရေးနဲ့ နည်းပညာလုပ်ငန်းတွေ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေဟာ လျှပ်စစ်ကားလို နည်းပညာမြင့်ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ မြေရှားသတ္တု (သို့) ဒြပ်စင်တွေ (REEs)ကို ပိုမိုမှီခိုအားထားနေရပါတယ်။ မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို EV မော်တာတွေမှာ အသုံးပြုဖို့ သေချာသလောက်ရှိပြီး ကမ္ဘာ့စျေးကွက်လိုအပ်ချက်နဲ့ အပြန်အလှန်ချိတ်ဆက်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၃။ စီးပွားရေးဂယက်ရိုက်ခတ်မှုတွေ

  • နိုင်ငံခြားဝင်ငွေ

မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ နိုင်ငံခြားဝင်ငွေရဲ့ အဓိကအရင်းအမြစ်တစ်ခု ဖြစ်လာတယ်လို့ Global Witnessက ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ ဒေါ်လာ ၁.၅ သန်းကနေ ၂၀၂၁ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၇၈၀အထိ တိုးလာခဲ့ပါတယ်။ စီးပွားရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နိုင်ငံခြားဝင်ငွေတွေဟာ မရှိမဖြစ် လိုအပ်တယ်ဆိုပေမယ့် ဒီနည်းလမ်းတွေဟာ ရေရှည်မှာ ဆက်လက်ပြီး လုပ်ဆောင်နိုင်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ သတ္တုတွင်းကနေရတဲ့ အကျိုးအမြတ်တွေကို စစ်တပ်က စစ်ဆင်ရေးတွေအတွက် သုံးတာကြောင့် စီးပွားရေးဟာ ပိုမိုကြပ်တည်းလာတာပါ။

  • အလုပ်အကိုင်အခွင့်အလမ်း

University of Warwickရဲ့ သုတေသနစာတမ်းမှာတော့ မြေရှားသတ္တုတွင်းက အလုပ်အကိုင်အမျိုးအစားတွေကို ဖော်ပြထားပါတယ်။ အမျိုးသားတွေဟာ မြေရှားတူးဖော်ရေးအတွက် အဓိကလုပ်အားဖြစ်ပြီး အမျိုးသမီးအများစုကတော့ ချက်ပြုတ်ရေးနဲ့ ရေအတက်အကျ ကြည့်တာတွေကို လုပ်ကြရပါတယ်။ မြေရှားတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဒေသစီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ တည်းခိုရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ထင်းခုတ်လုပ်ငန်းတွေလည်း ရှိလာပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရှိလာတာကြောင့် တရုတ်ကဝင်တဲ့ အဝတ်အထည်၊ စီးကရက်၊ မုန့်၊ အရက်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးကုန်ပစ္စည်းတွေရဲ့ဝယ်လိုအားလည်း တိုးလာပါတယ်။ တချို့စီးပွားရေးသမားတွေကတော့ လူ့ကျင့်ဝတ်သိက္ခာကင်းမဲ့ပေမယ့်ငွေကြေးစီးဆင်းမှုများတဲ့နေရာတွေဖြစ်တဲ့ ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါးဆိုင်တွေ ဖွင့်ပြီး အကျိုးအမြတ်ရကြပါတယ်။

ဒီလိုနေရာမှာ လုပ်ကိုင်သူတွေဟာ နိုင်ငံခြားကော်ပိုရေးရှင်းတွေရဲ့ အခွင့်ရေးယူတာမျိုးတွေအပြင် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်နဲ့ အမြဲထိတွေ့ရတာကြောင့် စွန့်စားရုန်းကန်နေပြန်ပါတယ်။ တရားဥပဒေမရှိတာကြောင့် အလုပ်သမားတွေဟာ အကျိုးခံစားခွင့်တွေနဲ့ အကာအကွယ်ဆိုတာမျိုးတွေတော့ ရရှိမှာ မဟုတ်ပါဘူး။

  • တရုတ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး

ရှားပါးသတ္တု အများဆုံးထွက်တဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းတင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ်-မြန်မာကြား ကုန်သွယ်ရေးကို ရှုပ်ထွေးစေပါတယ်။

KIAက မြေရှားသတ္တုတွင်းတူးဖော်ရေးလုပ်ငန်းရှိတဲ့ နေရာအများအပြားကို သိမ်းယူခဲ့တဲ့နောက် တရုတ်ဟာ ကုန်သွယ်ရေးကန့်သတ်ချက်တွေအရ တချို့လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ပထဝီနိုင်ငံရေးအရ မြေပြင်တင်းမာမှုတွေ တိုးလာမယ်ဆိုရင်တော့ အခုလိုစီးပွားရေးစျေးကွတ်တစ်ခုကို မှီခိုနေရတဲ့ မြန်မာ့စီးပွားရေးကတော့ သိသိသာသာ အန္တရာယ်ရှိနေပါတယ်။

၄။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများ

  • သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း

မြေရှားသတ္တုထုတ်ယူတာဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ ရှိပြီး တရုတ်နဲ့ မြန်မာနှစ်နိုင်ငံက တူးဖော်ရေးလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးယိုယွင်းတာတွေအပြင် လူမှုရေးဆိုင်ရာထိခိုက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာ့ဝယ်လိုအား မြင့်မားနေပေမယ့် လုပ်ကိုင်တဲ့ မြေပြင်ဧရိယာကတော့ ၂၀၀၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ၂၁၁ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။

ကချင်ပြည်နယ်က အသေးစားတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြေယာပျက်စီးတာတွေနဲ့ ရေအရင်းအမြစ်ဆိုင်ရာ ဆိုးကျိုးပြဿနာတွေဆီကို ဦးတည်နေပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းဟာ ဒေသရဲ့ဂေဟစနစ်တွေ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ လူအဖွဲ့အစည်းကို ထိခိုက်စေလို့ စိုးရိမ်ပူပန်နေရတယ်လို့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ခရစ်ယာန်အသင်းတော်ခေါင်းဆောင်တွေက Union of Catholic Asia News သတင်းမှာ ပြောခဲ့ပါတယ်။

ဥပဒေစည်းကြပ်မှုမရှိတဲ့ အခြေအနေဟာ သဘာဝပတ်ဝန်းကျင်ရဲ့အရည်အသွေးကို ပိုမို ကျဆင်းစေပါတယ်။ သတ္တုတူးဖော်တာ၊ တွင်းတူးတာ၊ သစ်တောပြုန်းတီးတာမျိုး မရှိတဲ့နေရာတွေဟာလည်း မြေပြိုတာနဲ့ မြေဆီလွှာပျက်စီးတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ပတ်ဝန်းကျင်ကို အဖက်ဖက်က ပြည်စုံအောင် စမ်းစစ်လေ့လာမှုတွေနဲ့ စည်းမျဥ်းဥပဒေတွေကတော့ သင့်တော်တဲ့ စီမံခန့်ခွဲရေးအတွက် လိုအပ်နေပါတယ်။

  • လူမှုရေးပြဿနာ

ကချင်ပြည်နယ်က သတ္တုတူးဖော်မှုတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ကျေးလက်ဒေသမှာ အလုပ်အကိုင်တွေကြောင့် ပြောင်းလဲမှုတွေရှိလာပေမယ့် မြေယာဆုံးရှုံးမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ မြစ်ချောင်းများ ညစ်ညမ်းလာတာတွေကြောင့်အသက်မွေးဝမ်းကျောင်းအတွက် အန္တရာယ်အသစ်တွေ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ သတ္တုတူးဖော်တဲ့ လုပ်ငန်းနားက လယ်သမားတွေဟာ သူတို့ရဲ့လယ်ယာထွက်ကုန်တွေကို ရောင်းချဖို့ အခက်အခဲရှိနေပြီး ရေပြတ်လပ်မှုတွေကို ကြုံရတာကြောင့် လယ်ယာလုပ်ငန်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်စေပါတယ်။

ချီဖွေ/ပန်ဝါဒေသလိုနေရာမျိုးမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ ရပ်ရွာချင်း တင်းမာမှုတွေ၊ လက်နက်ကိုင်ထိန်းချုပ်မှုတွေအပြင် ကျေးလက်ကနေ မြို့ပြကို ရွေ့ပြောင်းနေထိုင်မှုတွေကို ကြုံနေရပါတယ်။ ဒီဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့ ပါဝင်လာတာကြောင့် အခြေအနေက ပိုမိုခက်ခဲလာပါတယ်။ ဒေသရဲ့အဖိုးတန် အရင်းအမြစ်များကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာနဲ့ ပတ်သက်လို့ မြေရှားသတ္တုတွင်းရဲ့ အကျိုးစီးပွားအပေါ် KIA စိတ်ဝင်စားလာတယ်ဆိုတာ သိသာထင်ရှားပါတယ်။ နယ်မြေပိုင်ဆိုင်ဖို့ ကြိုးပမ်းကြမယ့် ပြိုင်ပွဲကြောင့် မြေပြင်မတည်ငြိမ်မှုတွေ၊ အကြမ်းဖက်တာတွေ တိုးလာမယ်ဆိုရင်တော့ ဒေသခံလူထုဟာ အကျိုးဆက်တွေကို ခံရဖို့ ရှိနေပါတယ်။

  • ကျန်းမာရေးအန္တရာယ်

မြေရှားသတ္တုတူးဖော်ရာမှာ သုံးတဲ့ အဆိပ်အတောက်ကို ထိတွေ့မိရင် လူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါတယ်။

မြန်မာ့သတ္တုတွင်းကဏ္ဍမှာ စည်းမျဥ်းစည်းကမ်းနှင့် ကြီးကြပ်ကွပ်ကဲမှု မရှိတာကြောင့် ဒီအန္တရာယ်တွေဟာ ဒေသခံတွေနဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေး၊ ဘေးကင်းရေးကို ခြိမ်းခြောက်နေပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ လူ့ကျန်းမာရေးအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာနဲ့ ဆိုးကျိုးတွေကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲဆိုတာကို နားလည်နိုင်ဖို့ လုံလောက်တဲ့ အချက်အလက် မရှိသေးပါ။ ပိုမိုခိုင်မာတဲ့ အထောက်အထားတွေ ရရှိဖို့အတွက် ဒေသန္တရကျန်းမာရေးအချက်အလက်တွေကိုအကဲဖြတ်ပေးနိုင်တဲ့ ကျွမ်းကျင်တဲ့ သုတေသီတွေ၊ ပညာရှင်တွေက ကူညီပေးဖို့ လိုအပ်ပါတယ်။ မြေရှားတူးဖော်ရေးဟာ ရပ်ကျေးကျန်းမာရေးပေါ်မှာ ရေရှည်အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ကျန်နေပါသေးတယ်။

၅။ အနာဂတ်အလားအလာ

  • စည်းမျဉ်းစည်းကမ်းဆိုင်ရာ စိန်ခေါ်ချက်တွေ

လက်ရှိ နိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့မြေရှားသတ္တုတူးဖော်ရေးရဲ့အနာဂတ်ဟာ မရေရာပါ။ စစ်ကောင်စီဟာ သတ္တုတွင်းဥပဒေတွေကို ပြဌာန်းဖို့ မစွမ်းဆောင်နိုင်တာကြောင့် ဒီလုပ်ငန်းရဲ့ရှင်သန်နိုင်စွမ်းဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ မြန်မာ့သတ္တုတူးဖော်ရေးကို လေ့လာသုံးသပ်မှုတွေ တိုးလာတာကြောင့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းဟာလည်း နိုင်ငံတကာရဲ့ဖိအားတစ်ခုလို ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကုမ္ပဏီတစ်ခုက သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို တွေ့ရင် သူတို့ဂုဏ်သတင်း ထိခိုက်မယ့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပါတယ်။

  • ကမ္ဘာ့မြေရှားသတ္တု လိုအပ်ချက်

ကမ္ဘာတစ်ဝှမ်းမှာ မြေရှားသတ္တု၀ယ်လိုအားမြင့်တက်လာတာကြောင့် စျေးကွက်လိုအပ်ချက်ဖြည့်တင်းနိုင်ဖို့ အတွက် ထုတ်လုပ်မှု ၈ ရာခိုင်နှုန်းနဲ့ (နံပါတ်-၄)နေရာမှာ ရပ်တည်နေတဲ့ မြန်မာနိုင်ငံဟာ အရေးကြီးလာပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့အစိုးရဟာ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားတွေနဲ့ စီးပွားရေးအရ အမြတ်အစွန်းတွေကို ဟန်ချက်ညီအောင် ဆောင်ရွက်ဖို့ အားနည်းနေပါတယ်။ ဒီအရေးကို သေချာမကိုင်တွယ်နိုင်ရင် ရင်းနှီးမြှုပ်နှံမှုပိုမိုများလာနိုင်ပေမယ့် တရားမဝင် အမြတ်ခိုးထုတ်ယူမှုတွေက ပိုမိုဖြစ်ပေါ်လာမှာပါ။

  • အလားအလာရှိတဲ့ ပဋိပက္ခအရေး

မြန်မာနိုင်ငံမှာ မြေရှားသတ္တု သယံဇာတတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေကြောင့် ပြည်တွင်းစစ် တိုးမြင့်လာနိုင်ချေရှိပါတယ်။ မိုင်းတွင်းလုပ်ငန်းတွေကို လက်ဦးမှုယူဖို့ KIA နဲ့ စစ်တပ် အားပြိုင်လာရင်နယ်မြေမတည်ငြိမ်မှုတွေဟာ ပိုဖြစ်လာနိုင်ပါတယ်။ ပဋိပက္ခတွေကြားမှာ Environmental Impact Assessment plans (EIA)ကို သုံးသပ်ဖို့ ပိုမိုခက်ခဲနေပြီး ရေရှည်တည်တံ့တဲ့ သတ္တုတွင်းလုပ်ငန်းကို တည်ဆောင်ဖို့ လိုအပ်နေပါတယ်။

  • နိဂုံး

မြန်မာနိုင်ငံ ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းဟာ ရှုပ်ထွေးတဲ့ အကျိုးအမြတ်တွေနဲ့ စိန်ခေါ်မှုတွေကြားမှာ ရှိနေပါတယ်။ တချို့ဒေသခံတချို့၊ တရုတ်ကုမ္ပဏီတွေနဲ့ နိုင်ငံတကာကော်ပိုရေးရှင်းတွေဟာ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေရနိင်ပေမယ့် လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို မျက်ကွယ်ပြုထားလို့ မရပါ။ ကမ္ဘာ့မြေရှားသတ္တုဝယ်လိုအားအတွက် မြန်မာနိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေရှည်တည်တံ့တဲ့ လုပ်ထုံးလုပ်နည်းတွေကြားက ရှုပ်ထွေးတဲ့ ချိန်ခွင်လျှာတစ်ခုကို ထိန်းကြောင်းမယ့် နည်းလမ်းတစ်ခု လိုအပ်နေပါတယ်။ မြန်မာ့မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းရဲ့အနာဂတ်ဟာ ထိရောက်တဲ့ အုပ်ချုပ်ရေးစနစ်တွေ၊ တာဝန်ယူမှုရှိတဲ့ ကော်ပိုရိတ်အလေ့အကျင့်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာတွေအပေါ်မှာ မူတည်နေပါတယ်။

( Eurasia Review သတင်းဌာနမှာ ဆောင်းပါးရှင်နော်အောင်ရေးသားတဲ့ Rare Earth In Myanmar: Economic Opportunity Or Environmental Costs? ဆောင်းပါးကို စာဖတ်သူတွေ သတိပြုမိနိုင်ဖို့ ဘာသာပြန်ဖော်ပြလိုက်ရပါတယ်)

(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times