“ တစ်ကမ္ဘာလုံးရဲ့မြေရှားသတ္တုလိုအပ်ချက်အတွက် မြန်မာနိုင်ငံက စတေးခံနေရတယ်”
“ တစ်ကမ္ဘာလုံးရဲ့မြေရှားသတ္တုလိုအပ်ချက်အတွက် မြန်မာနိုင်ငံက စတေးခံနေရတယ်”

မြန်မာနိုင်ငံက ဒေသခံလူထုနဲ့ မြေယာတွေဟာ တစ်ကမ္ဘာလုံးရဲ့မြေရှားသတ္တုလိုအပ်ချက်အတွက် စတေးခံနေရတယ် လို့ Global Witness က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံအတွင်း မြေရှားသတ္တုတူးဖော်ထုတ်ယူမှုတွေ အဆမတန် များပြားလာတာနဲ့ ပတ်သက်ပြီး Global Witness က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့တာပါတယ်။
ကမ္ဘာနဲ့ချီပြီး လျှပ်စစ်စွမ်းအင်သုံးစွဲမှုများပြားလာတဲ့နှစ်တွေမှာ စွမ်းအင်သုံးစွဲမှုအရွေ့တစ်ခုအဖြစ် လျှပ်စစ်ကားတွေနဲ့ လေအားလျှပ်စစ်တာဘိုင်တွေအပေါ် အားထားလာကြပါတယ်။
ဒီလို Clean Energy အဖြစ် သတ်မှတ်ထားတဲ့ အရာတွေအတွက် အဓိက လိုအပ်တဲ့ မြေရှားသတ္တုကတော့ သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်စေရုံသာမက ဒေသခံတွေရဲ့ ဘဝပေါင်းများစွာကို ဖျက်ဆီးပြီးမှ ရရှိလာတဲ့ သတ္တုသယံဇာတတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကချင်မြေဟာ ကမ္ဘာပေါ်က မြေရှားသတ္တုထွက်ရှိရာ ဒေသတွေထဲက အခရာအကျဆုံး နေရာတစ်ခု ဖြစ်နေပါတယ်။
မြေရှားသတ္တုရဲ့ ဂုဏ်သတ္တိတစ်ခုဖြစ်တဲ့ သံလိုက်စွမ်းအင်ကို လျှပ်စစ်ကားတွေနဲ့ လေတာဘိုင်တွေ တည်ဆောက်ရေးမှာ မရှိမဖြစ်လိုအပ်နေပါတယ်။
လျှပ်စစ်ကားတွေဟာ သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး အစားထိုးသုံးစွဲနိုင်ဖို့ အကြောင်းပြချက်နဲ့ အနောက်တိုင်းက နည်းပညာရှင်တွေ တီထွင်ခဲ့တာလို့ လူသိများပေမယ့် နိုင်ငံတကာက လျှပ်စစ်ကားအသုံးပြုသူတွေ မသိကြတာကတော့ နောက်ကွယ်က မြေရှားသတ္တု တူးဖော်ရေး ယန္တရားကြီးတွေကြောင့် ထိခိုက်နစ်နာနေရတဲ့ မြန်မာနိုင်ငံက အသက်ပေါင်းများစွာပဲ ဖြစ်ပါတယ်။
မြေရှားသတ္တု တူးဖော်ရေး ယန္တရားကြီးတွေရဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်မှုတွေကို Global Witness က စုံးစမ်းဖော်ထုတ်ကြည့်တဲ့အခါ အောက်ပါအချက်တွေကို တွေ့ရှိခဲ့ပါတယ်။
၁။ မြန်မာနိုင်ငံကထွက်တဲ့ မြေရှားသတ္တု အမြောက်အများက တရုတ်နိုင်ငံကို ဝင်ရောက်နေပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ရဲ့ မြေရှားသတ္တုတင်သွင်းမှု နှစ်ဆကျော် ခုန်တက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၁၉,၅၀၀ တင်သွင်းမှုက အမြင့်ဆုံးဖြစ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ တန်ချိန် ၄၁,၇၀၀ အထိ တင်သွင်းထားပါတယ်။ တရုတ်မှာလည်း မြေရှားသတ္တုတူးဖော်ရေးဇုန်တွေရှိပေမယ့် မြန်မာနိုင်ငံက မြေရှားသတ္တုတင်သွင်းမှုဟာ တရုတ်က သူ့ဘာသာတူးဖော်တဲ့ ပမာဏထက် ပိုများနေတာ တွေ့ရပါတယ်။
၂။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ မှာ မြေရှားသတ္တုတူးဖော်တဲ့နေရာအရေအတွက် ၄၀ ရာခိုင်နှုန်းကျော် တိုးလာပါတယ်။
၃။ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေအတွက် အလုပ်လုပ်ပေးနေရသူ မိုင်းလုပ်သားတွေနဲ့ ဒေသခံရပ်ရွာလူထုဟာ အဆိုပါ မိုင်းတွင်းတွေမှာ သုံးတဲ့ ဓာတုပစ္စည်းတွေကြောင့် ကျန်းမာရေးဆိုးဆိုးရွားရွားထိခိုက်လာကြတဲ့အပြင် သေဆုံးသူ နှစ်ဦးထက်မက ရှိနေပြီလို့ မှတ်တမ်းတွေ အရ သိရပါတယ်။
၄။ ကချင်ပြည်နယ် အထူးဒေသ ၁ မှာ ရှိတဲ့ ရေချိုချောင်းတွေကို ရေနမူနာ ကောက်ယူစစ်ဆေးကြည့်တဲ့အခါမှာလည်း အက်စစ်ဓာတ်လွန်ကဲပြီး အာဆင်းနစ်ပါဝင်မှု မြင့်မားနေကြောင်း တွေ့ရှိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲတွေ မှီတည်ရာအဖြစ် သတ်မှတ်ထားတဲ့ ကချင်မြေမှာ အခုလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ မှီတည်ရာ သက်ရှိအားလုံးရဲ့ အသက်တွေကို ခြိမ်းခြောက်နေတာပဲ ဖြစ်ပါတယ်။
၅။ မြေရှားသတ္တုတူးဖော် ကုန်သွယ်မှုကနေ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ဝင်ငွေရထားပေမယ့် မိုင်းတွင်းတွေဟာ ပဋိပက္ခဒေသမှာ တည်ရှိနေတာကြောင့် အပျက်အစီးနဲ့ ဆုံးရှုံးမှု အန္တရာယ်ကလည်း အဆမတန် ကြီးမားနေမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒီနေရာတွေမှာ မြေရှားသတ္တုတူးဖော်မှုက အကြီးအကျယ်များပြားလာတဲ့အပြင် ဒေသခံတွေနဲ့ အခြေခံအလုပ်သမားတွေ အပေါ် ဖိနှိပ်မှုကလည်း ပိုမိုဆိုးရွားနေဆဲဖြစ်ပါတယ်။
Global Witness ရဲ့ အကြီးတန်း စုံစမ်းစစ်ဆေးရေးမှူး Colin Robertson က “လေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ လျှပ်စစ်ကားတွေဟာ ရာသီဥတု အကျပ်အတည်းကို ဖြေရှင်းရာမှာ အဖြေတစ်ခုအနေနဲ့ စဥ်းစားခဲ့ကြတဲ့ အရာတွေပဲ။ ဒါပေမဲ့ လက်တွေ့မှာ သူတို့က ဥပဒေမဲ့ အတိုင်းအဆမဲ့ ထုတ်ယူပြီးမှ ရနိုင်တဲ့ မြေရှားသတ္တုမျိုးကို လိုအပ်လာပြန်တယ်။ ဒီပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် သဘာဝနဲ့ အခြားဘဝတွေကို အဆိပ်အတောက်ဖြစ်ခွင့်တော့ မပြုနိုင်ပါဘူး။ အခုဆိုရင် မြန်မာနိုင်ငံက ဒေသခံလူထုနဲ့ မြေယာတွေဟာ တစ်ကမ္ဘာလုံးရဲ့မြေရှားသတ္တုလိုအပ်ချက်အတွက် စတေးခံနေရတယ်” လို့ မှတ်ချက်ပေးထားပါတယ်။
( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times