ထားဝယ် အရှေ့တောနယ်မှာ နေအိမ်တွေဖောက်ထွင်းပြီးပြန် ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ
ထားဝယ် အရှေ့တောနယ်မှာ နေအိမ်တွေဖောက်ထွင်းပြီးပြန် ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက အညာဖျားရွာ သင်္ချိုင်းအနီးမှာရှိတဲ့ နေအိမ်တွေကိုဖောက်ထွင်းပြီးထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို DDTအဖွဲ့နဲ့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းတွေကိုခိုးယူပြီး ဥယျာဥ်ကြီးရွာဘက်ကို ပြန်ထွက်လာချိန် မနေ့က ည ၇ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။
အဲဒီခြေလျင်စစ်ကြောင်းဟာ ဒေသခံတွေကိုလူသားဒိုင်းအဖြစ်ခေါ်ဆောင်လာတာကြောင့် မိုင်း ၅ လုံးမှာ ၂ လုံးသာအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအခြေအနေကိုအတိအကျမသိရသေးဘဲ ဒီနေ့ညနေပိုင်း နယ်မြေရှင်းလင်းချိန်မှာတော့ စစ်ဝတ်စုံနဲ့ ကျည်အခွံတချို့ကိုတွေ့ရတယ်လို့ Dawei Defense Team-DDT အဖွဲ့ကဆိုထားပါတယ်။
ဒီနေ့မှာတော့ စစ်ကောင်စီတပ်သားတွေ ကားငါးစီးနဲ့ မေတ္တာမြို့ဘက်ကနေ ထားဝယ်ဘက်ကိုထွက်လာနေပြီး လမ်းတစ်လျှောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေအများအပြားပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာလည်း လမ်းမှာ နှစ်ကြိမ်တိုက်ခိုက်ခံရတယ်လို့ ကနဦးသိရပြီး အသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး။

The Tanintharyi Times