လယ်ကွင်းထဲငါးလိုက်ထောင်တဲ့ ပုလောမြို့နယ်က ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

လယ်ကွင်းထဲငါးလိုက်ထောင်တဲ့ ပုလောမြို့နယ်က ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

လယ်ကွင်းထဲ ငါးလိုက်ထောင်နေတဲ့ ပုလောမြို့နယ်က ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မကျည်းကုန်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုသောကြာ ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်ည ၇ နာရီဝန်းကျင်က လယ်ကွင်းထဲ ငါးလိုက်ထောင်နေချိန်မှာ ပစ်သတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူက ခေါင်းမှာဓါတ်မီးတပ်ပြီး ငရှဥ့်ထောင်၊ငါးထောင်တာတွေလုပ်တယ်။ အဲဒါကင်းပုန်းနားရောက်သွားပြီး အပစ်ခံရတာ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

မကျည်းကုန်းရွာမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ပုလောစစ်ကောင်စီတပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပစ်သတ်ခံရသူရဲ့ရုပ်အလောင်းကို ပုလောမြို့ဆေးရုံကို သယ်ဆောင်သွားပြီး မနေ့ကပဲ မီးသင်္ဂြိုဟ်လိုက်ပြီလို့ ဒေသခံတွေထံကသိရပါတယ်။

The Tanintharyi Times