မောတောင်မြို့ကို စစ်တပ်ကဆက်တိုက်ဗုံးကြဲနေလို့ နာရီစင်နဲ့ စျေးကြီးပျက်စီးပြီး မြို့ခံတချို့လည်းဒဏ်ရာရ
မောတောင်မြို့ကို စစ်တပ်ကဆက်တိုက်ဗုံးကြဲနေလို့ နာရီစင်နဲ့ စျေးကြီးပျက်စီးပြီး မြို့ခံတချို့လည်းဒဏ်ရာရ
ထိုင်း-မြန်မာနယ်စပ်က မောတောင်မြို့ ကို စစ်တပ်က လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် မြို့ပေါ်က အဆောက်အအုံတွေပျက်စီးပြီး လူထိခိုက်မှုလည်း ရှိတယ်လို့ သိရပါတယ်။
အခုလ ၁၀ ရက်နေ့ညကစလို့ စစ်တပ်က လက်နက်ကြီးတွေပစ်ခတ်ခဲ့ပြီးနောက် မနေ့က ညနေပိုင်းနဲ့ ဒီနေ့မနက်ပိုင်းတွေမှာ မြို့ပေါ်က စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် ဒီနေ့မနက် ၉ နာရီ ၄၀ မိနစ်ဝန်းကျင်နဲ့ မွန်းလွဲ ၁ နာရီဝန်းကျင်လောက်မှာတော့ မောတောင်မြို့ပေါ်ကို ဂျက်ဖိုက်တာ၊ Y-12 လေယာဥ်တွေနဲ့ စစ်တပ်ဘက်က ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“မနက်ပိုင်းကြဲတာက နာရီစင်နားကိုကျတယ်။ အဲဒီနားက အိမ်တွေလည်း မီးလောင်တယ်ကြားတယ်။ မောတောင်စျေးကြီးလည်းမီးလောင်တယ်တဲ့” လို့ မောတောင်မြို့ခံတစ်ဦးက ဒီနေ့နေ့လယ်ပိုင်းမှာ ပြောပါတယ်။
မွန်းလွဲပိုင်းဗုံးကြဲမှုမှာတော့ မောတောင်မြို့ပေါ်မှာပိတ်မိနေတဲ့သူတွေထဲက ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ညနေပိုင်းမှာလည်း တနင်္သာရီမြို့နဲ့ မောတောင်မြို့တဝိုက်နဲ့ လေယာဥ်တွေအဆက်မပြတ်ဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ မောတောင်-တနင်္သာရီလမ်းပိုင်းနဲ့ မောတောင်မြို့တဝိုက်ကို ပိတ်ဆို့ထားတာပါ။ စစ်အုပ်စုတပ်ကလည်း မောတောင်မြို့ထဲက ရဲစခန်း၊ မြို့အဝင်ဘုရားကုန်းနဲ့ နယ်စပ်ဂိတ်အနီးက တပ်စခန်းတွေမှာ အထိုင်ချတပ်စွဲထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ မြို့ထဲမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာကြောင့် မောတောင်မြို့ခံထောင်နဲ့ချီဟာ ထိုင်းနိုင်ငံ နယ်စပ်မျဥ်းအနီးနဲ့ နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
“စစ်တပ်က စခန်းပေါ်ကနေ လက်နက်ကြီးတွေအရင်ပစ် ပြီးမှတိုက်ပွဲဖြစ်တာ။ လူတွေကတော့ လက်နက်ကြီးပစ်ကတည်းကပြေးနေကြတာပဲ။ နယ်စပ်ဘက်ကိုအဓိကပြေးကြတယ်” လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံဘက်ခြမ်းကလည်း ဝင်ခွင့်မပေးတာကြောင့် နယ်စပ်မျဥ်းအနီးမှာပဲ တာလပတ်တွေခင်းပြီး နေထိုင်နေကြတယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။
The Tanintharyi Times
