အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်အုပ်စုကို ဖယ်ရှားဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၀ နီးပါး တောင်းဆို

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်အုပ်စုကို ဖယ်ရှားဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၀ နီးပါး တောင်းဆို

ဓာတ်ပုံ - ၂၀၂၂ ခုနှစ် ADMM အစည်းအဝေး

လာမယ့်အပတ်အတွင်းမှာ ကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို ဖယ်ရှားဖို့ အရပ်ဘက်အဖွဲ့အစည်း ၇၇ ဖွဲ့တို့က မနေ့က တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ အခုလ ၁၅ ရက်မှာ ၁၇ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM နဲ့ ၁၆ ရက်နေ့မှာ ၁၀ ကြိမ်မြောက် ADMM-Plus အစည်းအဝေးကျင်းပဖို့ ရှိနေတာပါ။

အဲ့ဒီ ADMM နဲ့ ADMM-Plus အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စား ဆောင်ရွက်နေတဲ့ စစ်အုပ်စု အဖွဲ့ဝင်တွေကို ဖယ်ရှားဖို့၊ ADMM နဲ့ ADMM-Plus အခန်းကဏ္ဍရှိ အစည်းအဝေးနဲ့ လှုပ်ရှားမှု အားလုံးမှာ စစ်အုပ်စုကို ပိတ်ပင်တားမြစ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျသော ကိုယ်စားပြုမှု ရရှိစေရေး စတဲ့ အချက် ၃ ချက်ကို အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေက သူတို့ရဲ့တောင်းဆိုချက်ကို အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Prabowo Subianto နဲ့ ADMM-Plus နိုင်ငံတွေဆီ ပေးပို့ထားပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM ဆိုတာ စစ်ရေးနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်တာ ဖြစ်ပြီး မြန်မာပြည်သူကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို ADMM ကနေ ဖယ်ထုတ်ဖို့က အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီကာကွယ်ရေးအဖွဲ့ Defend Myanmar Democracy အဖွဲ့ဝင် နော်အောင်က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“ စစ်အုပ်စုက ADMM မှာ ပါနေတာအားလုံးကို ဖယ်ထုတ်ဖို့ပါ။ ကျန်တဲ့ လုပ်ဆောင်ချက်တွေမှာ မဖယ်ရင်တောင်မှ အခုလို လူသတ်နေတာကို ရပ်တန့်ဖို့အတွက်ကတော့ ADMM မှာ စစ်အုပ်စုပါနေတာ အားလုံးကို ဖယ်ထုတ်ဖို့ လိုတယ် “ လို့ သူက ပြောပါတယ်။

အာဆီယံကာကွယ်ရေး အစည်းအဝေး လုပ်ဆောင်ချက်အောက်မှာ ကြည်းတပ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လေ့ကျင့်မှု၊ သတင်းအချက်အလက် ထောက်လှမ်းရေး၊ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ လေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စတာတွေ အများကြီး ပါဝင်ပါတယ်။

မြန်မာစစ်အုပ်စုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး လာမယ့်နှစ်မှာ အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ကျင်းပရမယ့်တာဝန် ရှိတာကြောင့် ဒီလိုမျိုး မြန်မာစစ်အုပ်စုအပေါ် ဆက်လက်ထောက်ခံပံ့ပိုးနေမှုဟာ အာဆီယံအပေါ် အများပြည်သူရဲ့ ယုံကြည်မှု သိသိသာသာ ပျက်ပြားစေတယ်လို့ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

ပေါင်းစပ်ညှိနှိုင်းရေးကဏ္ဍတွေမှာ အာဆီယံဟာ စစ်အုပ်စုကို တရားဝင်မှု မှားယွင်းစွာ ပေးအပ်ပြီး မြန်မာပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အန္တရာယ်ပိုများစေတယ်လို့ ထောက်ပြထားပါတယ်။

“ အကြမ်းဖက်စစ်အုပ်စုတွေက နေ့စဉ်နဲ့အမျှ ကျနော်တို့ကို သတ်ဖြတ်နေရာမှာ လိုအပ်တဲ့ နည်းပညာတွေကို ပေးနေတာ ဖြစ်တယ်။လေ့ကျင့်ပေးနေတာ ရှိတယ်။ အာဆီယံမှာ စစ်အုပ်စုနဲ့ တွဲပြီး စစ်ရေးလေ့ကျင့်နေတာတွေ သူတို့နဲ့ အစည်းအဝေးလာတက်တာတွေ လုပ်ရင် အဲဒီလူတွေသည် စစ်အုပ်စုက အကြမ်းဖက်သတ်ဖြတ်နေတဲ့ အလိုတူအလိုပါ အကူအညီပေးနေသူလို့ ပြောချင်ပါတယ် “ လို့ တောင်းဆိုသည့် အဖွဲ့အစည်းထဲမှာ ပါဝင်သူ နော်အောင်က ဆိုပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ခေါင်းဆောင်တွေက စစ်အုပ်စုကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ချက် အရေးတကြီး လိုအပ်တယ်လို့ တောင်းဆိုချက်မှာ ထည့်သွင်းရေးသားထားသလို အာဆီယံရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်သူကို ထောက်ခံနေတာလား၊ စစ်အုပ်စုကို ထောက်ခံနေတာလားဆိုတာ ဆက်လက်စောင့်ကြည့်သွားမယ်လို့ တောင်းဆိုချက်မှာ ရေးသားထားပါတယ်။

ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၈၀ နီးပါး စုပေါင်းပေးဖို့လိုက်တဲ့ ယင်းတောင်းဆိုချက်အပေါ် ADMM တာဝန်ရှိသူတွေဘက်က တစုံတရာ တုံ့ပြန်လာတာမျိုး မရှိပေမယ့် အာဆီယံအဆင့် တာဝန်ရှိသူတွေသည် မြန်မာပြည်အပေါ် ဘယ်လောက်ထိ ပျက်ကွက်ပြီး မကောင်းမှုတွေ ကျူးလွန်နေတယ်ဆိုတာကို မှတ်တမ်းမှတ်ရာ ကျန်အောင်နဲ့ ပြည်သူတွေ ပိုပြီး တောင်းဆိုဖို့ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီကာကွယ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်ဆိုသူတစ်ဦးက ပြောပါတယ်။

“ အာဆီယံသည် မြန်မာပြည်အရေးအတွက် ဘာတခုမှ မလုပ်နိုင်ဘူး။ သို့သော်လည်း ကျနော်တို့ရဲ့ သေရာသေကြောင်း ဒုက္ခရောက်ရာရောက်ကြောင်း ဘဝပျက်ရာပျက်ကြောင်း သတ်ခံရရာ သတ်ခံရကြောင်း သူတို့က ကူညီပေးနေတယ်။ အဲဒါရပ်ပေးပါလို့ ပြောရမယ် “ လို့ ၎င်းက ပြောပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံကို လာမယ့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူခွင့် မပြုဖို့ ဆုံးဖြတ်ခဲ့သလို နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်ကနေ ဖယ်ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့တဲ့ အာဆီယံလေတပ်အစည်းအဝေးကိုလည်း ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်း ၅ နိုင်ငံတို့ကသာ တက်ရောက်ခဲ့ပါတယ်။

The Tanintharyi Times