တစ်ပတ်တာ မြန်မာ
တစ်ပတ်တာ မြန်မာ

နိုင်ငံတဝှမ်းမှာ ဇူလိုင် ၆ရက်ကနေ ၁၂ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၂ ခု ကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်က ဖမ်းဆီးထားတဲ့သတင်းမဟုတ်မှန်ဟု ဗိုလ်မှူးကြီး နော်ဘူပြော
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ တရုတ်ကို ရောက်ရှိနေချိန် တရုတ်အစိုးရက ဖမ်းဆီးထားတယ်လို့ ထွက်ပေါ်နေတဲ့ သတင်းက မှန်ကန်မှုမရှိဘူးလို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။ KIO ဥက္ကဋ္ဌကို ဗန်းမော်တိုက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ ဥက္ကဋ္ဌဟာ တရုတ်ကို ကျန်းမာရေး စစ်ဆေးဖို့သွားတာတော့ မှန်ကန်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ တရုတ်ဟာ ဗန်းမော်ထိုးစစ်အားလုံးကို ရပ်တန့်ဖို့အတွက် KIO ကို ဖိအားပေးနေတာအပြင် ဗန်းမော်ဆက်တိုက်ရင် မြေရှားတွေကို မဝယ်တော့ဘူးလို့ KIO ကို တရုတ်အစိုးရကို ပြောဆိုထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
၂။ ယင်းမာပင်ခရိုင်က ရဲဘော် ၃ ဦး သယ်ဆောင်လာတဲ့ မူးယစ်းဆေးဝါးတွေကို CDF-Hakha ဖမ်းမိ
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းမှာ ယင်းမာပင်ခရိုင်၊ အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံချက်နဲ့ ရဲဘော် ၃ ဦးတို့ သယ်ဆောင်လာတဲ့ မူးယစ်းဆေးဝါးတွေကို ချင်းကာကွယ်တပ်-ဟားခါးက ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ Hilux ကား၊ Forland ကားတွေနဲ့ ဖလမ်းမြို့နယ်၊ ဗားရ်တံတားကို သယ်ဆောင်လာစဥ် ဖမ်းဆီးရမိခဲ့တာပါ။ မူးယစ်းဆေးဝါးတွေဟာ ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၃သန်းခန့်၊ မောင်းပြန်သေနတ် နှစ်လက်၊ mini starlink နှစ်ခုနဲ့ အတူ တော်လှန်ရေး ရဲဘော် ၃ ဦး၊ ယာဉ်မောင်း ၁ ဦးနဲ့ စပယ်ယာ ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ CDF-Hakha ထုတ်ပြန်စာမှာဖော်ပြထားပါတယ်။ မူးယစ်းဆေးဝါး သယ်ယူပို့ဆောင်ရေးမှာ တာဝန်ခံဖြစ်သူ နှစ်ဦးကတော့ ထွက်ပြေး တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အခုလ ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
၃။ စစ်ကိုင်း၊ လင်းတလူးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကဗုံးကြဲ၊ စစ်ရှောင်အနည်းဆုံး ၃၀ သေဆုံး
စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ရှောင်ဒေသခံတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက သတင်းဖော်ပြ ပါတယ်။ အခုလ ၁၁ ရက် မနက်အစောပိုင်း ၁ နာရီကျော်မှာ လင်းတလူးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ သေဆုံးသူစာရင်းနဲ့ ဒဏ်ရာရရှိသူစာရင်းတွေကို အတိအကျမသိရသေးဘဲ လတ်တလောသိရတဲ့ သေဆုံးသူ စာရင်းက အနည်းဆုံး ၃၀ ဦးလောက်ရှိနေတာလို့ ဆိုတယ်။ ဒဏ်ရာရရှိတဲ့ ဒေသခံတွေလည်း အရမ်းများတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးနေသလို ဒဏ်ရာရရှိသူတွေများပြားနေတာကြောင့်နောက်ထပ် ဆေးဝါးနဲ့ ဆေးကုသပေးဖို့အတွက် ဆရာဝန်၊ သူနာပြုတွေကိုလည်း ထပ်မံလိုအပ်နေသေးတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

၄။ စစ်ကောင်စီတပ်ထိုးစစ် နောင်ချိုမြို့အနီးအထိ ရောက်လာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကိုပြန်ရဖို့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်က မြို့နဲ့ ၃ မိုင်ကျော်အကွာအထိ ရောက်နေပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး ဘီဘီစီက ရေးပါတယ်။ “နန့်ဆောင်ဟူးရွာအထိ စစ်တပ်ထိန်းချုပ်လိုက်ပြီ။ နန့်ဆောင်ဟူးကနေ နောင်ချိုမြို့ထဲကိုသွားရင် ၈ မိနစ်ခရီးပဲ” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နမ့်ဆောင်ဟူးရွာက နောင်ချိုမြို့နဲ့ ကပ်လျက်တည်ရှိ နေတာပါ။ စစ်တပ်က နောင်ချိုမြို့ကိုပြန်ရဖို့ အင်အား ၂,၀၀၀ ဝန်းကျင်နဲ့အထက်ပါတဲ့ မြေပြင်စစ်ကြောင်းတွေ ခွဲဖြန့်ပြီး ထိုးစစ်ဆင်နေသလို လေကြောင်းကနေ ပစ်ခတ်တာ၊ စစ်ကူပို့တာနဲ့ ဒရုန်းတွေသုံး ဗုံးကြဲပြီး မြို့ကို ပြန်ထိန်းချုပ်ဖို့ ဘက်စုံထိုးစစ်သုံးနေတယ်လို့ ဆိုပါတယ်။ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကတော့ နောင်ချိုမြို့ကို စစ်တပ်ထိုးစစ်ဆင်နေတာကို ခုခံနေပြီး မြို့အနီးအထိ ထိုးစစ်ရောက်လာပြီဆိုတဲ့ သတင်းတွေကတော့ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။ တစ်ဖက်မှာလည်း တရုတ်က ကြားဝင်ပြီး စစ်တပ်နဲ့ TNLA နှစ်ဖက်လုံးအနေနဲ့ ထိုးစစ်တွေရပ်ဖို့ ဖိအားပေး အကြောင်းကြားထားတွေရှိတယ်လို့ TNLA က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားပါတယ်။

၅။ တစ်ပတ်ကျော်လောက် ရပ်နားနေတဲ့ ကျောက်ဖြူတိုက်ပွဲ နေရာသုံးခုမှာ ပြန်လည်ပြင်းထန်လာ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ တစ်ပတ်ကျော်အကြာလောက် ရပ်နားနေတဲ့တိုက်ပွဲဟာ နေရာသုံးခုမှာ ပြန်လည်ပြင်းထန်လာတယ်လို့ နိရဉ္စရာက သတင်းရေးထားပါတယ်။ တိုက်ပွဲပြန်လည်ပြင်းထန်လာတဲ့ နေရာတွေက ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်က အမှတ်(၃၂) ရဲတပ်ရင်းအနားက ပြိုင်းစေ့ကေအနီး၊ မလကျွန်း ဧရိယာတဝိုက်နဲ့ သစ်ပုတ်တောင်တိုက်နယ်က ကပ်သပြေရွာအနီးတို့ ဖြစ်ပါတယ်။ အဲဒီနေရာသုံးခုမှာ အခုလ ၁၀ ရက်၊ မနက်ပိုင်းကစလို့ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်လည် ပြင်းထန်လာတာလို့ ဆိုပါတယ်။ ဇူလိုင်လစကတည်းက တိုက်ပွဲမဖြစ်ဘဲ ရှိနေတာပါ။ စစ်ကောင်စီဖက်က စစ်ကြောင်းအင်အားအများကြီးထိုးတက်လာတာလည်း ရှိတယ်လို့ ရေးသားထားပါတယ်။

၆။ စစ်တွေနဲ့ ကျောက်ဖြူမြို့တွင်း ပိတ်မိနေတဲ့ဒေသခံတွေ မြို့ကနေထွက်ခွင့်ပေးဖို့ တောင်းဆို
ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်မှုအောက်မှာနေရတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့တွင်းက ပိတ်မိနေတဲ့ဒေသခံတွေဟာ မြို့ပြင်သို့ ထွက်ခွင့်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုနေကြတယ်လို့ နိရဉ္စရာက သတင်းဖော်ပြပါတယ်။ မြို့တွင်းမှာ ဒေသခံတွေ ပိတ်မိနေတာ တစ်နှစ်ကျော်လောက်ရှိနေပြီလို့ ဆိုပါတယ်။ ရခိုင်ပြည်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့မှာ ကုန်ဈေးနှုန်းကလည်း ကြီးမြင့်နေပါတယ်။ ဒေသခံတွေအနေနဲ့ ရန်ကုန်ကို စစ်ရှောင်မယ်ဆိုရင်လည်း အလုပ်အကိုင်မရှိတဲ့အပြင် အိမ်ငှားစရိတ်ကြီးမားတာ၊ ဆွေမျိုးမရှိတာ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံရနိုင်တာကြောင့် မူလရပ်ရွာတွေနဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေတွေမှာ လုပ်ကိုင်စားသောက်နိုင်ရေး ထွက်သွားခွင့်ပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။
၇။ ကုလားတန် စီမံကိန်းကို ၂၀၂၇ ခုနှစ်မှာ အပြည့်အဝလည်ပတ်နိုင်မယ်လို့ အိန္ဒိယဝန်ကြီးပြော
အိန္ဒိယ ရူပီကုဋေ ၅၀၀၀ ကုန်ကျခံတည်ဆောက်ထားတဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို ၂၀၂၇ ခုနှစ်မှာ အပြည့်အဝလည်ပတ်နိုင်မှာဖြစ်တယ်လို့ အိန္ဒိယ ဆိပ်ကမ်း၊ သင်္ဘောနဲ့ ရေလမ်းဝန်ကြီး Sarbananda Sonowal က အခုလ ၇ ရက်က ပြောပါတယ်။ ဒီစီမံကိန်းဟာ အိန္ဒိယရဲ့ အရှေ့မြောက်နဲ့ မြန်မာနိုင်ငံကြား ချိတ်ဆက်မှု တိုးမြှင့်ဖို့ မဟာဗျူဟာမြောက် ပဏာမခြေလှမ်း ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ဒီပရောဂျက်ဟာ အိန္ဒိယချမှတ်ထားတဲ့ ” အရှေ့မျှော်မူဝါဒမူဝါဒ” ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနဲ့ ချိတ်ဆက်ပြီး ကုန်သွယ်မှုကို တိုးမြှင့်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
၈။ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို စစ်ကောင်စီ ကန့်ကွက်
လူ့အခွင့်အရေးကောင်စီ (၅၉) ကြိမ်မြောက်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်း အတည်ပြုချမှတ်ခဲ့တဲ့အပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလ ၇ ရက်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ဆိုပြီး စာထုတ်ကန့်ကွက်လာပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ“ရိုဟင်ဂျာ” ဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ ဖော်ပြပါတယ်။ နေရပ်စွန့်ခွာသူတွေမှာ စိစစ်အတည်ပြုပြီးသူ ၂၇၄,၀၉၃ ယောက်ထဲက ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့တယ်လို့ အထောက်အထားနဲ့ အတည်ပြုနိုင်သူ ၁၉၄,၁၇၅ ယောက်ရှိတယ်လို့လည်း ဆိုထားပါတယ်။
၉။ မြန်မာ့ပို့ကုန်တွေအပေါ် အခွန် ၄၀ ရာခိုင်နှုန်း အမေရိကန်စည်းကြပ်မယ်
အမေရိကန်နိုင်ငံကို တင်ပို့တဲ့ မြန်မာ့ပို့ကုန်တွေအပေါ် အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်တာကို လာမယ်လ သြဂုတ် ၁ ရက်မှာ စတင်သွားဖို့ရှိကြောင်း သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးကာ စစ်ကောင်စီထံကို အခုလ ၇ ရက်က တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့တယ်။ အရင်က ၄၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ကြေညာထားရာကနေ ယခုအခါ ၄၀ ရာခိုင်နှုန်းကို ပြောင်းလဲထားတာလို့လည်း ဖော်ပြထားပါတယ်။ မြင့်မားတဲ့ အခွန်စည်းကြပ်မှုကို ရှောင်လွှဲဖို့ အခြားနိုင်ငံတွေကတစ်ဆင့် တင်ပို့ရင်လည်း အဆိုပါ မြင့်မားတဲ့ အခွန်စည်းကြပ်တာကို ခံရမယ်လို့ ထရန့်ရဲ့ အကြောင်းကြားစာမှာ ထည့်သွင်းရေးထားပါတယ်။ အခွန် ၄၀ ရာခိုင်နှုန်းတိုးမြှင့်မယ့်နိုင်ငံတွေထဲမှာ မြန်မာအပြင် လာအိုလည်း ပါဝင်ပါတယ်။
၁၀။ နိုင်/ကျဉ်းဟောင်း ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချို တစ်ရက်တည်း ကွယ်လွန်
နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟနဲ့ စာရေးဆရာမောင်သာချို တို့ဟာ အခုလ ၁၀ ရက်က ကွယ်လွန်သွားခဲ့ကြပါတယ်။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်ရဲ့ ကျောင်းထိုင်နာယကဖြစ်တဲ့ ရွှေညဝါဆရာတော်ဟာ ၂၀၂၂ ခုနှစ်မှာ ထောင်ကလွတ်မြောက်ခဲ့ပြီးနောက် အသည်းရောဂါဝေဒနာကို အပြင်းအထန်ခံစားရပြီး အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံမှာ ပျံလွန်တော်မူသွားခဲ့တာပါ။ ပျံလွန်တော်မူချိန်မှာ သက်တော် ၆ဝ နှစ်ရှိပြီ ဖြစ်ပါတယ်။ မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ မောင်သာချိုကလည်း ဆီးကျိတ်ကင်ဆာရောဂါနဲ့ အခုလ ၁၀ ရက်နေ့မှာပဲ ရန်ကုန်မြို့က ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ စာရေးဆရာ မောင်သာချိုနဲ့ ရွှေညဝါဆရာတော်တို့ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အင်းစိန်ထောင်ကနေ တစ်ချိန်တည်း၊ တစ်ရက်တည်း လွတ်မြောက်ခဲ့သလို ကွယ်လွန်တဲ့နေ့ဟာလည်း အတူတူပဲဖြစ်ပါတယ်။
၁၁။ မောက်မယ်မြို့နယ် ကြံ့ခိုင်ရေး ဥက္ကဌ ပစ်ခတ်ခံရပြီး သေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မောက်မယ်နယ် ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌဟာ အခုလ ၁၁ ရက် မနက် ၉ နာရီလောက်က လုပ်ကြံ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ မောက်မယ်မြို့နယ် ပါတီဥက္ကဌ ဦးစိုင်းငေါင်းဆိုင်ဟိန်းဟာ သူပိုင်ဆိုင်တဲ့ တောင်ယာ ခြံဝင်းအတွင်း အလုပ်လုပ်နေချိန် ပစ်ခတ်ခံရတာဖြစ်ပြီး ပစ်ခတ်ခံရတဲ့ နေရာမှာတင် သေဆုံးသွားတယ်လို့ တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပါတီဥက္ကဌကို မည်သူမည်ဝါ လုပ်ကြံ ပစ်ခတ်၊ သတ်ဖြတ်သွားတယ်ဆိုတာကို အခုထိ မသိရသေးပါဘူး။ ဦးစိုင်းငေါင်းဆိုင်ဟိန်းဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ သုံးကြိမ် ဆက်တိုက် အနိုင်ရထားတဲ့ လွှတ်တော်အမတ် တယောက်လည်း ဖြစ်တယ်လို့ Voice of Myanmar က ဖော်ပြပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့က မူဆယ် ၁၀၅ မိုင်မှာ ပြည်သူ့ဆေးရုံကြီး ဖွင့်လှစ်
ညီနောင်မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ပြည်သူ့ဆေးရုံကြီး ကို အခုလ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် AA၊ ကိုးကန့်တပ်မတော် MNDAAနဲ့ တအာင်းတပ်မတော် TNLA တို့က ပြီးခဲ့တဲ့ မေလမှာ ဆေးရုံကို စတင်တည်ဆောက်ခဲ့တာပါ။ ဒီဆေးရုံက မူဆယ် ၁၀၅ ရဲ့ ပထမဆုံးဆေးရုံပါ။ စစ်ကောင်စီထိန်းချုပ်ထားကတည်းက ၁၀၅ မိုင်မှာ ပြည်သူ့ဆေးရုံမရှိခဲ့တာကြောင့် ဆေးခန်းတွေကိုသာ မှီခိုအားကိုးရတာဖြစ်ပြီး အရေးပေါ်လူနာတွေကိုတော့ မူဆယ်မြို့ပြည်သူ့ဆေးရုံနဲ့ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကိုသာ ဆေးကုသဖို့ ပို့ဆောင်နေရတာပါ။ မူဆယ်မြို့ ၁၀၅ မိုင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

The Tanintharyi Times