ထားဝယ်-ထိုင်းနယ်စပ် ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားအားလုံး တိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ထွက်ပြေး
ထားဝယ်-ထိုင်းနယ်စပ် ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားအားလုံး တိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ထွက်ပြေး

ထိုင်းနိုင်ငံ နဲ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် နယ်စပ် မှာရှိတဲ့ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားအားလုံးဟာ တော်လှန်ရေးတပ်တွေ ဝင်မတိုက်ခင်ကတည်းက စခန်းစွန့်ထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။
ထီးခီးနယ်စပ်စခန်း၊ ဘောတိနယ်စပ်စခန်းတွေကို တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ပြီးနောက် ငါးရံ့နီစစ်ကောင်စီစခန်းက စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်မှာ ထွက်ပြေးသွားတာလို့ ပဒိုအယ်နားကရှင်းပြပါတယ်။
ပြီးခဲ့တဲ့မေလ ၉ ရက်နေ့မှာ ထီးခီးနယ်စပ်စခန်းကို KNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တစ်လအကြာ အခုလ ၁၀ ရက်နေ့မှာလည်း နယ်စပ်မျဥ်းပေါ်က ဘောတိစစ်ကောင်စီစခန်း(ခေါ် )ပွိုင့် ၂၅၆၆ စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။
ဘောတိစခန်းကိုသိမ်းပြီး နှစ်ရက်အကြာ ဒီနေ့မှာတော့ ဘောတိစခန်းနဲ့ ၁၈ မိုင်ခန့်ဝေးတဲ့ ငါးရံ့နီ နယ်စပ်စခန်းကစစ်ကောင်စီတပ်သားတွေ တော်လှန်ရေးတပ်ဘက်က မတိုက်ခိုက်ရသေးဘဲ သူတို့ဘာသာစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ ၄ ဘက်ကဆိုပါတယ်။
“ကြောက်ပြီးထွက်ပြေးကုန်ပြီ။ ဘာမှမတိုက်ဘဲနဲ့ ထွက်ပြေးသွားတယ်။ တစ်စခန်းဘဲကျန်တော့ သူတို့လည်းသိပြီးသားပဲ။ ကျနော်တို့လာသိမ်းမယ်ရင်လည်း မခုခံနိုင်ဘူးလေ” လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။
ငါးရံ့နီစခန်းဟာလည်း ထီးခီး၊ ထီးထ၊ ဘောတိစခန်းတွေနည်းတူ ၁၉၉၇ ခုနစ်မှာ မြန်မာစစ်တပ်က တပ်မဟာ ၄ ဌာနချုပ်ကိုသိမ်းပိုက်ပြီးချိန်ကစလို့ အထိုင်ုင်ထားတဲ့ စခန်းဖြစ်ပါတယ်။
စခန်းမစွန့်ခင်က ဘန်ကာတွေ၊ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော် ၃၀ ဝန်းကျင်လောက်က အခိုင်အမာတပ်စွဲထားတဲ့စခန်းဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
ဒီကနေ့ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးချိန်မှာ ထိုင်းစစ်တပ်ဘက်ကလည်း လာကြိုတာနဲ့ အကူအညီပေးတာတွေလုပ်ခဲ့တယ်လို့ KNU တပ်မဟာ ၄ ဘက်က ပြောပြချက်အရ သိရပါတယ်။
ဒီစခန်းစွန့်ခွာသွားတောကြောင့် ထားဝယ်မြို့နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်မျဥ်းတစ်လျှောက်လုံးကို KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ပြီလည်းဖြစ်ပါတယ်။
ငါးရံ့နီစခန်းရဲ့ အပေါ်ဘက် ရေဖြူမြိုနယ်အရှေ့ဘက်က နယ်စပ်မျဥ်းပေါ်မှာတော့ စစ်ကောင်စီရဲ့ သုခစခန်းနဲ့ နတ်အိမ်တောင်စခန်းတို့ ကျန်ရှိနေပါသေးတယ်။ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုအယ်နားကတော့ သုခစခန်းဟာ စခန်းငယ်ပဲဖြစ်တာကြောင့် အချိန်မရွေး တိုက်ခိုက်သိမ်းပိုက်လို့ရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့နယ် နယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကို KNLA၊ KNDOအပြင် NUG ကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF တို့လို Local- PDF တပ်ဖွဲ့တွေနဲ့ ဒရုန်းတပ်ဖွဲ့တွေအားလုံး ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။
KNU ရဲ့တပ်မဟာခုနစ်ခုအောက်က KNLA၊ KNDO တပ်ဖွဲ့တွေနဲ့ သူတို့နဲ့ပူးပေါင်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်ရှိမှာ မြို့သုံးမြို့၊ စစ်ကောင်စီအခြေစိုက်စခန်း ၆ ခု၊ ဗျူဟာစစ်စခန်း ၆ ခုအပါအဝင် စခန်းကြီးစခန်းငယ် ၂၀၀ နဲ့အထက်ကို သိမ်းပိုက်ထားတယ်လို့ ISP Myanmar ကဒီကနေ့ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times