စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ဘန်းလမွတ်ရွာသားတွေနဲ့ ဆိုင်ကယ်တွေကို ငွေနဲ့ပြန်ရွေးခိုင်း၊ရွာသားတွေအိမ်က စားနပ်ရိက္ခာတွေ သိမ်းယူကာ ကုန်ခြောက်ဆိုင်တွေမှာ ပြန်လိုက်ရောင်းနေ
စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ဘန်းလမွတ်ရွာသားတွေနဲ့ ဆိုင်ကယ်တွေကို ငွေနဲ့ပြန်ရွေးခိုင်း၊ရွာသားတွေအိမ်က စားနပ်ရိက္ခာတွေ သိမ်းယူကာ ကုန်ခြောက်ဆိုင်တွေမှာ ပြန်လိုက်ရောင်းနေ

တနင်္သာရီမြို့နယ်ထဲကို ဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဘန်းလမွတ်ရွာက ဒေသခံတွေနဲ့ ဆိုင်ကယ်တွေကို အတင်းလုယူ၊ ဖမ်းဆီးပြီး ပိုက်ဆံနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၁၀ ရက်နေ့မနက်ပိုင်းက ဘန်းလမွတ်ရွာထဲဝင်လာတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ ရွာသားတွေကို အိမ်တွေထဲကနေ လမ်းမပေါ်ထွက်ခိုင်းပြီး ဒူးထောက်လက်မြှောက်ထိုင်ခိုင်းထားကာ အိမ်ခြံဝင်းတွေထဲမှာ ရှိနေတဲ့ ဆိုင်ကယ်တွေကို ကျေးရွာစာသင်ကျောင်းကို သယ်ယူသွားတယ်လို့ သိရပါတယ်။
ဆိုင်ကယ်တွေကို သယ်ပြီးနောက် ဒူးထောက်ထိုင်ခိုင်းထားတဲ့ ရွာသားတွေကိုလည်း ကျေးရွာစာသင်ကျောင်းဆီ ဖမ်းခေါ်သွားခဲ့ကာ အရပ်သားတစ်ဦးကို ငွေကျပ် ၄သိန်းကနေ သိန်း ၂၀ အထိသတ်မှတ်ကာ ပြန်ရွေးယူခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြန်ရွေးယူခိုင်းရာမှာလည်း လူတင်မက သိမ်းသွားတဲ့ ဆိုင်ကယ်တွေရဲ့ အမျိုးအစားပေါ်မူတည်ပြီး လက်ရှိပေါက်စျေးရဲ့ တစ်ဝက်ကို တောင်းတယ်လို့ သိရပါတယ်။
“ပိုက်ဆံနည်းနည်း ပိုရှိတဲ့သူတွေကိုဆို တစ်စျေး၊ မရှိတဲ့သူက တစ်စျေး။ အဲ့လိုသတ်မှတ်တာမျိုး ထင်ပါတယ်။ လူတွေကိုတော့ဘယ်ဟာမူတည်ပြီး စျေးသတ်မှတ်တယ်မသိဘူး။ ကလစ်ဆိုင်ကယ်တစ်စီးဆို သိန်းနှစ်ဆယ်နဲ့ပြန်ရွေးလိုက်ရတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ဒေသခံပြောပြချက်အရ ပိုက်ဆံနဲ့ပြန်ရွေးထုတ်ယူခဲ့တဲ့ ဘန်းလမွတ်ရွာသားတချို့နဲ့ ဆိုင်ကယ်တချို့ ရှိတယ်လို့ သိရပါတယ်။ ကျေးရွာစာသင်ကျောင်းမှာ ကျန်နေတဲ့ ဖမ်းဆီးထားတဲ့ ရွာသားတွေနဲ့ ဆိုင်ကယ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်တဲ့အချိန်တိုင်း လမ်းမှာတွေ့တဲ့ အရပ်သားတွေကို ဖမ်းဆီးလေ့ရှိတာကြောင့် အဖမ်းခံထားရသူတွေထဲမှာ ဘန်းလမွတ်ရွာသားတွေအပြင် နီးစပ်ရာရွာက ဒေသခံတွေလည်း ပါဝင်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်နေကြတဲ့ ရွာသားတွေရဲ့ လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ရိုက်ဖျက်၊ ဝင်ရောက်ပြီး စားနပ်ရိက္ခာအပြင် အိမ်ရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူကာ ကုန်မာဆိုင်တွေမှာ ပြန်ရောင်းနေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “အဲဒါတွေ(ခိုးယူထားတာတွေ) အကုန်ကားနဲ့ တင်သွားပြီး ဇဝဲစစ်တပ်ရှေ့က ဆိုင်တွေမှာ ပြန်သွားရောင်းတာ။ ဆန်တစ်အိတ်ကိုဆို လေးသောင်းနှုန်းနဲ့ပြန်ရောင်းတယ်။” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဘန်းလမွတ်ရွာ စာသင်ကျောင်းနဲ့ ဘုရားတောင်ကုန်းပေါ် မှာ စစ်ကောင်စီတပ်က စခန်းချထားပြီး ဒေသတွင်းစစ်ရေးအခြေအနေကလည်း တင်းမာနေတယ်လို့ သိရပါတယ်။
အခုလ ၆ ရက်နေ့က ရမ်းဖိုရွာ၊ ချောင်းညီကိုရွာ၊ ဘန်းလမွတ်ရွာ တွေဘက်မှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကတည်းက စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ အနီးတဝိုက်ကိုစစ်ကြောင်းထိုးတာ၊ အရပ်သားဖမ်းဆီးတာတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။
The Tanintharyi Times